မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရန်ပုံငွေပဒေသာ ဖျော်ဖြေပွဲကြီးကို ဇွန် ၂ ရက်မှ ၄ ရက်အထိ စည်ကား သိုက်မြိုက်စွာကျင်းပမည်

မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရန်ပုံငွေပဒေသာ ဖျော်ဖြေပွဲကြီးကို ဇွန် ၂ ရက်မှ ၄ ရက်အထိ စည်ကား သိုက်မြိုက်စွာကျင်းပမည်

ရန်ကုန်  မေ ၂၉

    မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် ပူးပေါင်းတင်ဆက်မှုဖြင့် ရန်ပုံငွေပဒေသာ ဖျော်ဖြေပွဲကြီးကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် ဌာနဆိုင်ရာများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌ ကျင်းပသည်။

အဆိုပါညှိနှိုင်း အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံး နာယကနှင့် ဥက္ကဋ္ဌ၊ ရုပ်ရှင်ဒါရိုက်တာများ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် အစည်းအရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်း  အရုံးဥက္ကဋ္ဌတို့က   နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ရန်ပုံငွေပဒေသာကပွဲကြီးကို ဇွန် ၂ ရက် မှ ၄ ရက်အထိ သုံးရက်တိုင် ည ၆ နာရီမှ ၉ နာရီခွဲအထိ ဖျော်ဖြေသွားမည်ဖြစ်ပြီး လာရောက်ကြည့်ရှု အားပေးကြမည့် ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန်  YBS ယာဉ်လိုင်းများနှင့် တက္ကစီများစီစဉ် ထားရှိမှု၊ ရန်ပုံငွေပဒေသာကပွဲကြီး မစတင်မီ နှင့် ဖျော်ဖြေနေစဉ်အတွင်း   သဒ္ဓါတရား

ထက်သန်စွာ လှူဒါန်းနိုင်ရန်  စီမံဆောင်ရွက်ထားမှု၊ ဖျော်ဖြေရေး အစီအစဉ်များနှင့် လက်မှတ်များ ရရှိနိုင်ရန်  စီမံဆောင်ရွက်ထားမှုတို့ကို ကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြဆွေးနွေးကြသည်။

မိုခါမုန်တိုင်းဒဏ်သင့် ဒေသမှ ပြည်သူများအတွက် အမျိုးသားကဇာတ်ရုံတွင် ကျင်းပ မည့် ရန်ပုံငွေပဒေသာ ဖျော်ဖြေပွဲကြီးတွင် လက်မှတ်များကို ငွေကျပ် ၅၀၀၀ မှ ငွေကျပ် ၃၀၀၀၀ အထိ မေ ၂၉ ရက်မှစတင်၍ အမျိုးသားကဇာတ်ရုံနှင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးတို့တွင် ရောင်းချပေးလျက်ရှိပြီး ငွေကျပ် ၅၀၀၀ အတွက် ထိုင်ခုံ ၄၈၂ လုံး၊ ငွေကျပ် ၁၀၀၀၀ အတွက် ထိုင်ခုံ ၁၃၆ လုံး၊ ငွေကျပ် ၂၀၀၀၀ အတွက် ထိုင်ခုံ  ၁၀၂ လုံး၊ ငွေကျပ် ၃၀၀၀၀ အတွက် ထိုင်ခုံ ၃၀၈ လုံးတို့ကို ရောင်းချပေးလျက်ရှိသည်။

ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးမှ အနုပညာရှင်တို့၏ စုပေါင်းအားဖြင့် ဖျော်ဖြေ တင်ဆက်သွားမည့်    ရန်ပုံငွေပဒေသာ ဖျော်ဖြေပွဲကြီးအတွက်  မေ ၃၀ ရက်တွင် အနုပညာရှင်များ ဇာတ်တိုက်လေ့ကျင့် သွားမည်ဖြစ်ကြောင်း၊ ပဒေသာကပွဲမှ ရရှိသော ရန်ပုံငွေများကို   မိုခါမုန်တိုင်းဒဏ်သင့် ဒေသမှပြည်သူတို့အတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။