ဖိလစ်ပိုင်နိုင်ငံ၊ အင်တာနက်မှ ငွေကြေးလိမ်လည်မှုများတွင် ဝင်ရောက်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများအား ကယ်တင်၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့

ဖိလစ်ပိုင်နိုင်ငံ၊ အင်တာနက်မှ ငွေကြေးလိမ်လည်မှုများတွင် ဝင်ရောက်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများအား ကယ်တင်၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့

နေပြည်တော်၊ မေ -၃၁

         ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ်၊ မာဘလာကတ်မြို့ရှိ Clark Sun Valley Hub တွင် ပြုလုပ်ခဲ့သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ဖိလစ်ပိုင်ရဲအဖွဲ့မှ စစ်ဆင်ရေးပြုလုပ်ကာ ကယ်ထုတ် ခဲ့ရာတွင် နိုင်ငံပေါင်းစုံမှ နိုင်ငံသား ၁,၀၉၀ ဦးခန့် တွေ့ရှိခဲ့ရပြီး မြန်မာနိုင်ငံသား လူငယ်များ ၃၉ ဦး ပါဝင်ခဲ့သည့်သတင်းကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်စာဖြင့် မြန်မာသံရုံးသို့ ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် အကြောင်းကြားသည်။

      အထက်ပါမြန်မာနိုင်ငံသားများ ပါဝင်နေသည့်ကိစ္စနှင့်စပ်လျဉ်း၍ ဖိလစ်ပိုင်နိုင်ငံရှိ မြန်မာ သံရုံးယာယီတာဝန်ခံနှင့် ကောင်စစ်အရာရှိတို့မှ သွားရောက်တွေ့ဆုံခဲ့ရာ အင်တာနက်ငွေကြေး လိမ်လည်မှု (Online Scam) တွင် လူကုန်ကူးခံရ၍ ကယ်တင်ခံထားရသည့် မြန်မာနိုင်ငံသား ၃၉ ဦး နှင့်တွေ့ဆုံစိစစ်မေးမြန်းခြင်းများ ပြုလုပ်သည်။

    ဖိလစ်ပိုင်နိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၃၉ ဦးအနက် ပထမအသုတ်အဖြစ် ၂၀ ဦးသည် မြန်မာနိုင်ငံသံရုံး၏ စီစဉ်ပေးမှုဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် လေကြောင်းခရီး ဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ကြိုဆို၍ လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဖိလစ်ပိုင် နိုင်ငံသို့ ရောက်ရှိအလုပ်လုပ်ကိုင်မှုနှင့် လူကုန်ကူးခံရသည့် အခြေအနေများကို စိစစ်မေးမြန်း၍ သိရှိ ရသည်မှာ -

          (က)    ပထမအသုတ်ရောက်ရှိလာသူ ၂၀ ဦးတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁၅ ဦး တို့ဖြစ်ပြီး ၎င်းတို့အားလုံးသည် အသက် ၂၂ နှစ်မှ ၃၃ နှစ်အကြားရှိ လူငယ်များ ဖြစ်ကြောင်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာကျွမ်းကျင်စွာ တတ်မြောက်သူများဖြစ် ကြောင်း

          ( ခ )    အဆိုပါမြန်မာလူငယ် ၂၀ ဦးသည် Facebook တွင် ကြော်ငြာထားသည့် Leap Group Co., Ltd. နှင့် Colorful Group Co.,Ltd. တို့၏ Website မှ တစ်လလျှင် လစာ ပီဆို ၃၀,၀၀၀ မှ ၇၀,၀၀၀ အထိ လည်းကောင်း၊ တရုတ်ယွမ်ငွေ ၄,၀၀၀ မှ ၈,၀၀၀ အထိ လည်းကောင်း၊ အရည်အချင်းအပေါ်မူတည်၍ ရရှိမည်ဟု အလုပ် ခေါ်ယူသည့် ကြော်ငြာစာများတွေ့ရှိသဖြင့် Online မှ လျှောက်ထားခဲ့ကြောင်း၊ Online Interview ဖြင့် အင်္ဂလိပ်စာနှင့် ကွန်ပျူတာကျွမ်းကျင်မှုကို စစ်ဆေးခံရပြီး အောင်မြင်သဖြင့် အလုပ်ခေါ်စာနှင့် လေယာဉ်လက်မှတ်ကို Online မှပေးပို့သဖြင့် ရရှိခဲ့ကြကြောင်း

        ( ဂ )    ၎င်းတို့ရရှိသည့် လေယာဉ်လက်မှတ်ဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ခဲ့ရာ လေဆိပ်တွင် အမည်မသိသူများမှ လာရောက်ကြိုဆိုပြီး Clark Angeles မြို့ရှိ ကုမ္ပဏီရုံးဝင်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါကုမ္ပဏီဝင်းတွင် စားသောက်ရန်နှင့် နေထိုင်ရန်နေရာပေးထားကြောင်း၊ ၂/ ၃ ရက်ခန့် စမတ်ဖုန်းနှင့် ကွန်ပျူတာတို့မှ Online အသုံးပြုလိမ်လည်သည့်နည်းလမ်းများကို သင်ကြားပေးကြောင်း

     (ဃ)    ထို့နောက် ကွန်ပျူတာနှင့် စမတ်ဖုန်းများအသုံးပြုကာ အင်တာနက်မှ ဆက်သွယ် ရှာဖွေ၍ ချိတ်ဆက်လာသူများကို ဆွဲဆောင်စည်းရုံး၍ လောင်းကစားပြုလုပ်ရန် နှင့် ငွေကြေးလိမ်လည်သည့် နည်းစနစ်များအတိုင်း အလုပ်လုပ်ရကြောင်း၊ အလုပ် ချိန်မှာ နေ့စဉ် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ၁၂ နာရီလုပ်ကိုင်ရကြောင်း၊ Online မှလိမ်လည်စည်းရုံးခေါ်ယူသည့်လူမရလျှင် အချိန်ပို ၂ နာရီမှ ၃ နာရီအထိ နေ့စဉ်ထပ်မံ အလုပ်ဆင်းရကြောင်း

     ( င )    လုပ်ခလစာကို ပထမလတွင် သတ်မှတ်ထားသည့်အတိုင်း ရှင်းပေးသော်လည်း နောက်လများတွင် သတ်မှတ်ထားသည့် စည်းကမ်းများမလိုက်နာခြင်း၊ အလုပ် တာဝန်ပျက်ကွက်ခြင်း၊ Online လိမ်လည်သည့်အလုပ်မှ လူမရခြင်းတို့အပေါ် မူတည်၍ ငွေကြေးဖြတ်တောက်မှုများပြုလုပ်ကြောင်း၊ အချို့မှာ လစာလုံးဝမရရှိ ကြောင်း

      ( စ )    ၎င်းတို့ကုမ္ပဏီတွင် Online လိမ်လည်သည့်လုပ်ငန်း၌ ဝင်ရောက်လုပ်ကိုင်နေသူ ၁,၀၀၀ ကျော်ခန့်ရှိကြောင်း၊ ရက်သတ္တ တစ်ပတ်လျှင် ၁ ရက်သာ အလုပ်နားခွင့် ပေးပြီး အပြင်ထွက်လိုလျှင် ကြိုတင် တင်ပြရပြီး ခွင့်ပြုမှ သွားလာခွင့်ရှိကြောင်း

   (ဆ)    နေ့စဉ်နိုင်ငံတကာမှ အင်တာနက်မှဆက်သွယ်လာသည့် အလုပ်အကိုင်ရှာဖွေသူ များ၊ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အခြားစီးပွားရေးကိစ္စများတွင် ဆွဲဆောင် စည်းရုံး၍ လိမ်ညာပြီး ငွေကြေးရယူခြင်း၊ ဘဏ်အကောင့်များမှ လိမ်လည် လွှဲပြောင်းရယူခြင်းတို့ကို ဆောင်ရွက်ရကြောင်း

   အထက်ဖော်ပြပါ Online မှ ငွေကြေးလိမ်လည်ရယူမှုများကို အာရှဒေသရှိ နိုင်ငံအများစု တွင် ကျူးလွန်လျက်ရှိကြောင်း၊ Facebook , Twitter , Instragram တို့တွင် ကုမ္ပဏီကြီးများ ဟန်ဆောင်၍ ကြော်ငြာများဖြင့် လစာကောင်းကောင်းပေးမည်ဟု ဆွဲဆောင်ကာ လူသစ်များခေါ်ယူခြင်း၊ လုပ်ငန်းခွင်သို့ ရောက်ရှိသည့်အခါ သတ်မှတ်လစာနှုန်းထားမပေးတော့ဘဲ တစ်ရက်လျှင် ၁၄ နာရီခန့် အလုပ်စေခိုင်းပြီး အကြပ်ကိုင်ခြိမ်းခြောက်မှုများ ပြုလုပ်ကြောင်း၊ ဘဏ်ကတ်နှင့် ဘဏ် အကောင့်များမှ လိမ်လည်၍ ငွေထုတ်ယူခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို စိစစ်တွေ့ရှိရသည်။

   မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များနှင့် မိဘပြည်သူများအနေဖြင့် လူပုဂ္ဂိုလ်/ ကုမ္ပဏီအား သိရှိ ခြင်းမရှိဘဲ ဆက်သွယ်လာမှုများကို ယုံကြည်မှုမရှိကြပါရန်နှင့် အမျိုးသမီးငယ်များအနေဖြင့် အလုပ် လျှောက်ထားရာတွင် အလုပ်ခေါ်ယူသည့် ကုမ္ပဏီများနှင့်ပတ်သက်၍ မှန်ကန်မှု ၊ ခိုင်မာမှု ရှိ/ မရှိ ကို နားလည်တတ်ကျွမ်းသူများ၊ အတွေ့အကြုံရှိသူများထံ မေးမြန်းစိစစ်ပြီးသေချာမှ သွားရောက်လုပ်ကိုင် သင့်ပါသည်။ ကုမ္ပဏီအတုအယောင်များဖြင့် Online  လိမ်လည်သည့် လုပ်ငန်းများစွာ ရှိနေသဖြင့် အဆိုပါ Online  လိမ်လည်မှုများတွင် ဖမ်းဆီးခံရပါက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရ ဖမ်းဆီး ချုပ်နှောင်ခြင်း၊ တရားရုံးပြစ်ဒဏ်ချမှတ်ခြင်းများ ခံရမည်ဖြစ်သည်။

    ယခု ဖိလစ်ပိုင်နိုင်ငံမှ စစ်ဆင်ရေးပြုလုပ်၍ ဖမ်းဆီးခံခဲ့ရသော မြန်မာနိုင်ငံသားလူငယ်များ ၃၉ ဦးတို့သည် မြန်မာနိုင်ငံသံရုံးနှင့် တာဝန်ရှိသူများ၏ အချိန်မီသိရှိဆက်သွယ်ဆောင်ရွက်ပေးနိုင်မှု ကြောင့် အရေးယူခြင်းမခံရဘဲ လုံခြုံစိတ်ချစွာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ် ကြောင်း တွေ့ရှိရပါသည်။ သို့ပါ၍ ပြည်ပနိုင်ငံများတွင် Online မှ အလုပ်လျှောက်ထားလုပ်ကိုင်မည့် မြန်မာနိုင်ငံသား လူငယ်များနှင့် မိဘပြည်သူများအနေဖြင့် ကုမ္ပဏီအတုအယောင်များနှင့် ဥပဒေနှင့် မညီသော လိမ်ညာမှုလုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်ခြင်းမရှိစေရေး အထူးသတိပြု ဆောင်ရွက် ကြပါရန် အသိပေး၊ သတိပေး သတင်းထုတ်ပြန်အပ်သည်။