ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဇွန် ၅ ရက်မှ ၁၀ ရက်အတွင်း လေထု မငြိမ်မသက်မှုဖြစ်ပေါ်ရာမှ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဇွန် ၅ ရက်မှ ၁၀ ရက်အတွင်း လေထု မငြိမ်မသက်မှုဖြစ်ပေါ်ရာမှ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်

နေပြည်တော်  မေ  ၃၁

ယနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၊    အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း တို့တွင် (၅.၆.၂၀၂၃)ရက်နေ့မှ (၁၀.၆.၂၀၂၃)ရက်နေ့အတွင်း   လေထုမငြိမ်မသက်မှုဖြစ်ပေါ်ရာမှ လေဖိအားနည်း ရပ်ဝန်း(Low  Pressure  Area)  တစ်ခုဖြစ်ပေါ် လာနိုင်ခြေရှိသည်ဟု ခန့်မှန်းရပါသည်။ အဆိုပါ လေထု မငြိမ်မသက်မှုကြောင့်လည်းကောင်း၊     ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်း ကြောင့်လည်းကောင်း    (၅.၆.၂၀၂၃)ရက်နေ့မှ (၁၀.၆.၂၀၂၃) ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။