ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ အူထိုင်းမြို့နယ်ရှိ Pioneer Manufacturing (Thailand) Co., Ltd မှ အလုပ်သမားများ အလုပ်ထုတ်ခံရမှု သတင်းဖော်ပြမှုနှင့် ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း သတင်းမှန်ထုတ်ပြန်ခြင်း

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ အူထိုင်းမြို့နယ်ရှိ Pioneer Manufacturing (Thailand)  Co., Ltd မှ အလုပ်သမားများ အလုပ်ထုတ်ခံရမှု သတင်းဖော်ပြမှုနှင့် ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း သတင်းမှန်ထုတ်ပြန်ခြင်း

    အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများ၌ ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ အူထိုင်းမြို့နယ်ရှိ Pioneer Manufacturing (Thailand) Co., Ltd မှ အလုပ်သမားများ အလုပ်ထုတ်ခံရမှု သတင်းဖော်ပြမှုနှင့် ပတ်သက်ပြီး အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနအနေဖြင့် မှန်ကန်မှု ရှိ/မရှိ စိစစ်၍ အလုပ်သမားများ၏ ရပိုင်ခွင့်များ ရရှိအောင် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

၂၄-၅-၂၀၂၃ ရက်နေ့ VOA Burmese Facebook လူမှုကွန်ရက် စာမျက်နှာ၌ “ထိုင်းနိုင်ငံ၊ အယုဒ္ဓယ အူထိုင်းမြို့နယ်တွင် မြန်မာအလုပ်သမား ၄၁၁ ဦးကို  အလုပ်ထုတ်ပယ်ကြောင်း  Pioneer   Manufacturing (Thailand) Co., Ltd  က ကြေညာပြီး နစ်နာကြေးအဖြစ် စုစုပေါင်း ဘတ် ၉၇ သန်းနီးပါးပေးခဲ့ပေမယ့် ထိုင်းအလုပ်သမား ဝန်ကြီး မစ္စတာ ဆူချတ်ချွမ်ကလင်က ဒါဟာ လုပ်ထုံးလုပ်နည်းနှင့်ညီ မညီ စစ်ဆေးရန်နှင့် အလုပ်လက်မဲ့ဖြစ်နေသူများအတွက် လူမှုဖူလုံရေး ခံစားခွင့်ရရှိရန်အတွက် နယ်မြေတာဝန်ရှိသူတွေကို ကူညီဖို့ညွှန်ကြားထားကြောင်း” သတင်း ဖော်ပြခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အလုပ်သမား သံအရာရှိရုံးမှ ထိုင်းအလုပ်အကိုင်ဌာနနှင့် အယုဒ္ဓယနယ်မြေ အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးရုံးတို့ထံ ဆက်သွယ်စုံစမ်းခဲ့ရာ အောက်ပါအတိုင်း စုံစမ်းသိရှိရသည်-

    (က  )    Pioneer Manufacturing (Thailand) Co., Ltd သည် ကားအတွင်းပိုင်း အသံပိုင်းဆိုင်ရာ လျှပ်စစ်ပစ္စည်းအပို ထုတ်လုပ်သည့် လုပ်ငန်းဖြစ်ပြီး လုပ်သားဦးရေ ၁၅၄၉ ဦးဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊

    (ခ  )    စက်ရုံ၌ အမှာစာ ကျဆင်းမှုကြောင့် အလုပ်သမား ၄၁၆ ဦးအား၁၉-၅-၂၀၂၃ ရက်နေ့တွင် အလုပ်မှ ရပ်စဲခဲ့ပါကြောင်းနှင့် အလုပ်မှ ရပ်စဲခံရသည့် အလုပ်သမား ၄၁၆ ဦးတွင် မြန်မာအလုပ်သမားများ ပါဝင်ခြင်းမရှိဘဲ ထိုင်းအလုပ်သမားများသာ ဖြစ်ပါကြောင်း၊

    အထက်ပါစုံစမ်းသိရှိမှုနှင့် စပ်လျဉ်း၍  တိကျမှန်ကန်စေရေးအတွက် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အလုပ်သမား သံအရာရှိရုံးမှ အလုပ်သမား သံအရာရှိသည် ၂၆-၅-၂၀၂၃ ရက်နေ့တွင် အယုဒ္ဓယခရိုင်၊ အလုပ်အကိုင် ဌာန၊ အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဌာနတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ အဆိုပါ Pioneer Manufacturing (Thailand) Co., Ltd  မှ အမှာစာ ကျဆင်းမှုကြောင့် အလုပ်ရပ်စဲခဲ့သည့် အလုပ်သမား ၄၁၆ ဦးတွင် မြန်မာအလုပ်သမားများ မပါဝင်ပါကြောင်းနှင့် စက်ရုံတွင် မြန်မာအလုပ်သမားများ လုပ်ကိုင်နေခြင်း မရှိပါကြောင်း၊ ဂျပန်လူမျိုးအလုပ်သမားခေါင်းဆောင်များနှင့် ထိုင်းအလုပ် သမားများသာ စက်ရုံ၌လုပ်ကိုင်လျက်ရှိပါကြောင်း၊ အလုပ်ရပ်စဲသည့် ထိုင်းအလုပ်သမားများအတွက် အလုပ်သမားဥပဒေနှင့်အညီ နစ်နာကြေး၊ လျော်ကြေးများ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ VOA Burmese Facebook လူမှုကွန်ရက်စာမျက်နှာ၌ Pioneer Manufacturing (Thailand) Co., Ltd မှ မြန်မာအလုပ်သမား ၄၁၁ ဦးကို အလုပ်ထုတ်ပယ်ကြောင်းနှင့် ပတ်သက်သည့် သတင်းဖော်ပြထားမှုသည် မှန်ကန်မှုမရှိပါကြောင်း သတင်းမှန် ထုတ်ပြန်အပ်ပါသည်။                                  

 အလုပ်သမားဝန်ကြီးဌာန