၂၀၂၃ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်  ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

နေပြည်တော်  မေ  ၃၁

၂၀၂၃ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင်  ကျန်းမာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က  နှစ်စဉ် မေလ ၃၁ ရက်သည် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (World No Tobacco Day) ဖြစ်ကြောင်း၊ ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှုသည် နှလုံးသွေး ကြောကျဉ်း ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် လေဖြတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည် အဆုတ်ရောဂါ စသည့် မကူးစက်နိုင်သော ရောဂါများဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်သည့်အပြင် ရှောင်လွှဲ၍ရနိုင်သော အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း၊ ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှု ကျဆင်းရေးကို ရည်ရွယ်၍ ကမ္ဘာ့နိုင်ငံများတွင် အထိမ်းအမှတ်အခမ်းအနားများကို  ၁၉၈၉ခုနှစ်မှစတင်၍ ကျင်းပဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်  ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့   အထိမ်းအမှတ် ဆောင်ပုဒ်မှာ အင်္ဂလိပ်ဘာသာဖြင့်  ''We need food, not tobacco'' ဖြစ်ပြီး မြန်မာဘာသာဖြင့် “ဆေးလိပ်ဆေးရွက်ကြီးတို့မလို၊ စားရေရိက္ခာကိုသာလို” ဟု ပြန်ဆိုထား ကြောင်း။

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း ထုတ်လုပ်သူများသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဈေးကွက် ရှာဖွေရန် ခက်ခဲလာသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများကို ပစ်မှတ်ထား ဈေးကွက်ချဲ့ထွင်လာကြောင်း၊  ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဆေးလိပ်သောက်သူဦးရေ ကျဆင်းလာသော်လည်း ဖွံ့ဖြိုးဆဲဝင်ငွေနည်းပါးသည့် နိုင်ငံများတွင် ဆေးလိပ်သောက်ခြင်း၊ ကွမ်းယာစားခြင်းကဲ့သို့သော ဆေးရွက်ကြီး သုံးစွဲမှု  အဆမတန် များပြားလာသည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကွမ်းစားသူ၊ ဆေးရွက်ကြီးငုံသူ ၉၀ ရာခိုင်နှုန်းသည် အရှေ့တောင်အာရှနိုင်ငံများတွင် နေထိုင်ကြကြောင်း။

၂၀၁၈ ခုနှစ်မှ ဆောင်ရွက်ခဲ့သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုကိုလေ့လာသည့် သုတေသနအရ  မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှုကြောင့် နှစ်စဉ်လူဦးရေ ၆၄၀၀၀ ခန့် အသက်ဆုံးရှုံးနေရပြီး စီးပွားရေးအရ နှစ်စဉ်ဆုံးရှုံးမှုတန်ဖိုးသည် မြန်မာကျပ်ငွေ ၂ ဒသမ ၆ ထရီလီယံနှင့်ညီမျှသည်ဟု တွေ့ရှိရကြောင်း။

ယခုနှစ်ဆောင်ပုဒ်တွင် မီးမောင်းထိုးပြလိုသည့် အချက်အနေဖြင့် ဆေးရွက်ကြီး အစားထိုးသီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ဆေးရွက်ကြီးစိုက်ပျိုးမှုကို လျှော့ချ၍ ကမ္ဘာ့စားရေရိက္ခာဖူလုံစေပြီး  စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ၂၀၃၀ ၏ရည်မှန်းချက် ပန်းတိုင်တစ်ခုဖြစ်သည့် ငတ်မွတ်ခေါင်းပါးမှု မရှိရေးကို အထောက်အကူ ဖြစ်စေရန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် စိုက်ပျိုးသူ တောင်သူများအကြား ဆေးရွက်ကြီးအစားထိုး စားပင်သီးပင်များ စိုက်ပျိုးခြင်းနှင့်စပ်လျဉ်း၍  အသိပညာ မြှင့်တင်ခြင်း၊ နည်းပညာနှင့် ငွေကြေးထောက်ပံ့ခြင်း၊ ဆေးရွက်ကြီး အစားထိုးသီးနှံများအတွက် ဈေးကွက် ဖော်ဆောင်ပေးခြင်းများကို အလေးထားဆောင်ရွက်ပေးရန် နှီးနွှယ်ဝန်ကြီးဌာနများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားသည်။

ယင်းနောက် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုပြသပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အခမ်းအနား အထိမ်းအမှတ်ပြခန်းငယ်ကို  လှည့်လည် ကြည့်ရှုကြသည်။

(သတင်းစဉ်)