မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် ပူးပေါင်းတင်ဆက်သည့် ရန်ပုံငွေပဒေသာ ဖျော်ဖြေပွဲကျင်းပ

မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် ပူးပေါင်းတင်ဆက်သည့် ရန်ပုံငွေပဒေသာ ဖျော်ဖြေပွဲကျင်းပ

ရန်ကုန်  ဇွန်  ၂

    ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့တွင် သက်တော်(၇၉)နှစ်ပြည့်  မွေးနေ့အလှူမင်္ဂလာ ကျင်းပသည့်  အလိုတော်ပြည့်ဆရာတော်ကြီးအား ဖူးမြော်ပြီး အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီနှင့် စာပေဗိမာန်စာမူဆု ရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များနှင့်   တွေ့ဆုံဆွေးနွေးကာ ညပိုင်းတွင်   မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက်   ရုပ်ရှင်၊ ဂီတ၊ သဘင် ပူးပေါင်းတင်ဆက်သည့် ရန်ပုံငွေပဒေသာဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှု အားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည်  တာမွေမြို့နယ်   ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်သို့  သွားရောက်ပြီး သက်တော် (၇၉)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူမင်္ဂလာကျင်းပသည့် အလိုတော်ပြည့် ဆရာတော်  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ   ဒေါက်တာဘဒ္ဒန္တအရိယဝံသအား သွားရောက် ဖူးမြော်ကြည်ညိုပြီး   မိုခါမုန်တိုင်းဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆောင်ရွက်မှုများ အပါအဝင် သာသနာရေး ဆိုင်ရာများ လျှောက်ထား၍ သြဝါဒခံယူကာ ဆရာတော်မွေးနေ့ အထိမ်းအမှတ် အလှူငွေ ပေးအပ်လှူဒါန်းသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသား စာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီနှင့် စာပေဗိမာန်စာမူဆု ရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များနှင့် တွေ့ဆုံသည်။

ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်က စာပေ ဆုများ စိစစ်ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍   ဆောင်ရွက်ထားရှိမှု အခြေအနေများကို   ဆွေးနွေးတင်ပြသည်။

ယင်းနောက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ဆရာဦးစိန်လှိုင် (သူရဇော်)၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)နှင့် တက်ရောက်လာကြသူများက  ဆုရွေးချယ်ရေးနှင့် ပတ်သက်၍  ဆွေးနွေးကြပြီး  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ     အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးများ၊  ဖိတ်ကြားထားသောဧည့်သည်တော်များ၊  ပြည်သူများနှင့်အတူ ဒဂုံမြို့နယ်ရှိ  အမျိုးသားကဇာတ်ရုံတွင် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက်  ရန်ပုံငွေပဒေသာကပွဲ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးသည်။

ည ၆ နာရီတွင် ဖျော်ဖြေမှု အစီအစဉ်များကိုစတင်ရာ မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ ဧည့်ခံတီးလုံးဖြင့် စတင်ဖွင့်လှစ်ပြီး ပဏာမအဖွင့်တီးလုံးဖြင့်   ဆက်လက်ဧည့်ခံသည်။

ထို့နောက် ရခိုင်စည်တော်၊ အပျိုတော် လမိုင်းအကတို့ဖြင့် ဖျော်ဖြေပြီး ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များဖြစ်ကြသည့် ရန်အောင်၊  ရဲအောင်၊ နေထက်လင်း၊ ကျော်ကျော်၊ ဘုန်းလျှံ၊ မေသန်းနု၊ မေသဉ္စာဦး၊ ခိုင်နှင်းဝေ၊ ဆောင်းအိန္ဒြေထွန်း၊ ဆုမြတ်နိုးဦး၊ ရွှေမန်းချမ်းသာ၊ ဝင်းနောင်၊ ဟန်ဇာမိုး ဝင်း၊ စွမ်းဇာနည်၊ ဇံဟိန်း၊ တခိုင်လုံးရွှေအေးအေးမြင့်၊ နန်းခင်မွှေး၊ ချယ်ရီသင်း၊ ငြိမ်းချမ်းခိုင်၊ ရေကြည်ချမ်းမြ၊ မြင့်မိုရ်သွန်းခ၊ ထက်ထက်စိုးစံ၊ နှင်းထက်ရွှေရည်၊ စိုးယုနန္ဒာ၊ ဖြိုးသဇင်၊ အောင်ကိုကို၊ ချစ်ကိုကို၊ မျိုးခန့်မောင်မောင်၊ အောင်ထူးစံနှင့်   မြတ်မင်းခေါင်တို့က မြူးကြွလှပသံစဉ်များဖြင့်   သီဆိုဖျော်ဖြေကြသည်။

ဆက်လက်၍  တေးသံသာကဏ္ဍတွင် မြန်မာနိုင်ငံဂီတ အစည်းအရုံးမှ   ပူစူးမ၊ ဖြိုးမြတ်အောင်၊   ခင်မောင်ထူးတို့က လည်းကောင်း၊ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများ ဖြစ်သည့် တိမ်လွှာမို့မို့လွင်၊ ကျောက်ခဲနှင့် တပြည်သူမရွှေထား တေးသီချင်းတို့ကို သာထက်၊ ရန်အောင်၊ ရဲအောင်တို့က လည်းကောင်း သီဆိုဖျော်ဖြေကြသည်။

ယင်းနောက် ဟာသပညာရှင်များ အစည်းအရုံး ဦးငြိမ်းချမ်းနှင့်အဖွဲ့က ဟာသရွှင်ပြုံးစေသည့် အစီအစဉ်ဖြင့် လည်းကောင်း၊ ပတ္တမြားဒေဝီစောမဲကြည်၏ ရခိုင်တေးသီချင်းများဖြစ်သည့် စိမ်းလဲ့လဲ့၊ သရုပ်ဆောင် ဘုန်းလျှံ၊ အာရိယန်နှင့် ဟီလာရီစိုးတို့က လည်းကောင်း သီဆိုဖျော်ဖြေကြသည်။

ထို့နောက်  မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ   ရွှေမန်းသူမြင့်မြင့်ခင်၊ ဦးမိုးဒီ၊ တိမ်ညွန့်၊   ဦးချစ်စရာနှင့် ဦးချိုတူးတို့က မြန်မာ့အငြိမ့်သဘင် ရေစီးကြောင်း တေးအော်ပရာဖြင့် လည်းကောင်း၊  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ မီးနိုနှင့်ရဲရင့်အောင်တို့က တေးသံသာကဏ္ဍဖြင့် လည်းကောင်း၊ ကိုမြင့်  (သမန်းကျား)အဖွဲ့က တေးသရုပ်ဖော်ဖြင့် လည်းကောင်း၊ မီးခွက်စောင့်ကျွန်းပြဇာတ်တွင် ဗေဒါ၊ ရဲလေးမနှင့်အဖွဲ့၊ ချစ်စု၊ မိုးသုခနှင့် ဝေယံဟိန်းတို့က လည်းကောင်း၊ တေးသံသာဖျော်ဖြေမှုတွင် နီနီခင်ဇော်နှင့် နေမင်းအိမ်တို့က လည်းကောင်း ဖျော်ဖြေကြပြီး  ယနေ့ရန်ပုံငွေဖျော်ဖြေပွဲကြီး၏ အပိတ်ဖျော်ဖြေမှုအဖြစ် ဒါရိုက်တာကျော်ဇောဟိန်း(အတွေးပုံရိပ်)၏ “ကူညီပေးကြပါ” ပြဇာတ်အား ရုပ်ရှင်၊ ဂီတ၊ သဘင်တို့စုပေါင်းအားဖြင့်   အားပါးတရဖျော်ဖြေတင်ဆက်ကြသည်။

မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ရန်ပုံငွေပဒေသာကပွဲကြီး ဖျော်ဖြေပွဲကြီးတွင် သဒ္ဓါတရား ထက်သန်ကြသည့် ပြည်သူများက အလှူငွေများ ထည့်ဝင်လှူဒါန်းကြပြီး ပဒေသာကဇာတ်ရုံ  ဝင်ပေါက်ကြိုဆိုရေး နေရာအနီး၌ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ မြန်မာ့ရုပ်ရှင်(ငွေ-ရွှေ-စိန်)ရတု သမိုင်းစဉ်များ၊ သမိုင်းဝင်ဒါရိုက်တာကြီးများ၏ အဆိုအမိန့်စာအုပ်များ၊ ရာပြည့်မဂ္ဂဇင်းနှင့် ပိုစတာများ အရောင်းဌာနတွင်လည်း လာရောက်ကြည့်ရှုအားပေးကြသည့် ပြည်သူများက ဝယ်ယူအားပေးမှုနှင့်အတူ လေဘေးသင့်ပြည်သူများ အတွက် အလှူငွေများ ထည့်ဝင်ကြသည်။

ရန်ပုံငွေပဒေသာကပွဲကို ယနေ့မှ ဇွန် ၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးဝင် မောင်နှမများက  ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။