ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဇွန် -

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

    ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် တာဝန်ရှိသူများနှင့်အတူ  ကျောက်ဖြူမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသန့် ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

    အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဘူးသီး တောင်မြို့နယ်အတွင်းရှိ ကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုများနှင့် နယ်လှည့်ဆေးကုသရေးအဖွဲ့ များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အားပေးစကားများ ပြောကြားခဲ့သည်။

    ထို့ပြင် ရသေ့တောင်မြို့သို့ ရောက်ရှိနေသည့် ဗိုလ်ချုပ် အောင်မျိုးထွန်း သည် တာဝန်ရှိသူများနှင့်အတူ တောင်ရင်းတန်းရပ်ကွက်ရှိ မင်းဘာကြီးလမ်းအား ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

    ၎င်းနောက် ကျောက်တော်မြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် အောင်သူဦး သည် တာဝန်ရှိသူများနှင့်အတူ ကျောက်တော်မြို့ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ ရေးပစ္စည်းများပေးခဲ့ကြောင်း သိရှိရသည်။

    ယင်းနောက် ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ဝင်းမောင် သည် တာဝန်ရှိသူများနှင့်အတူ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်း၍ အမှိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ 

    အလားတူ မောင်တောမြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် တင်ဆွေ သည် တာဝန်ရှိသူများနှင့်အတူ မောင်တောမြို့ရှိ အများပြည်သူအသုံးပြုနေသော ရေကန်ကြီးကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။