လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

 

နေပြည်တော်  ဇွန်  ၃

 

ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်များအရ (၅-၆-၂၀၂၃)ရက်မှ (၈-၆-၂၀၂၃)ရက်အတွင်း ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုဖြစ်ပေါ်ရာမှ  လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခုဖြစ်ပေါ်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းရပါသည်။                   

အဆိုပါ လေထုမငြိမ်မသက်မှုကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့်  ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း (၅-၆-၂၀၂၃)ရက်မှ (၈-၆-၂၀၂၃)ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊   ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး  အချို့ဒေသများတွင်    ဒေသအလိုက်နှင့်  နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။   မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်  မိုင် ၄၀ မှ ၄၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်သည်ဟုခန့်မှန်းရသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၃ ပေခန့်ရှိနိုင်သည်။

အကြံပြုချက်

အဆိုပါဖြစ်ပေါ်လာနိုင်သည့် လေထုမငြိမ်မသက်မှုနှင့် မုတ်သုံလေအားကောင်းလာနိုင်ခြင်းတို့ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊   ရုတ်တရက်ရေကြီးခြင်းနှင့်အတူ  မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင်  နေထိုင်ကြသူများ အနေဖြင့်  မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း

တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ် နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်  ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် အကြံပြုအပ်ပါသည်။

အဆိုပါ လေထုမငြိမ်မသက်မှုနှင့်ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်၍ ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်သည်။   

    (မိုး/ဇလ)