နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ် တောကြီးစာဖြူစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ် တောကြီးစာဖြူစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်

ပန်းတနော်  ဇွန်  ၃

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်  ပန်းတနော်မြို့နယ် တောကြီးစာဖြူစုကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၈ နာရီခွဲတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ တက်ရောက်၍ ဖွင့်လှစ်ပေးကြသည်။

ရှေးဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်    မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အလှူရှင်များက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ကျောင်းခန်းမ၌  ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ကျောင်းဆောင်သစ်ကြီးကို ဖွင့်လှစ်၍ အနာဂတ်မျိုးဆက်များအား ပညာအမွေကို ပေးအပ်နိုင်သည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိကြောင်း၊ ယခုကဲ့သို့ ပညာရေးဆိုင်ရာ  အခြေခံအဆောက်အဦများကို တည်ဆောက်ပေးခြင်းသည် အနာဂတ်မြန်မာ့လူ့အဖွဲ့အစည်းအား ပညာအခြေခံသည့် လူ့အဖွဲ့အစည်းများ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ အသိပညာမြင့်မားသည့် လူ့အဖွဲ့အစည်းများနှင့် အသိပညာမြင့်မားသည့် နိုင်ငံတော်ကြီးဖြစ်မှသာ ဖြစ်ပေါ်နေသည့် ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းများ တည်ဆောက်နိုင်မည်ဟု ယုံကြည်ထားကြောင်း၊ မိမိတို့၏နိုင်ငံတော်ကို ပညာအခြေခံမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြင့် တည်ဆောက်နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်(၄)ရပ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေး ကဏ္ဍမြှင့်တင်ရေး ဆိုသည့်အချက်ကို ထည့်သွင်းဖော်ဆောင်လျက်ရှိကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုများ၏ အခြေခံသည့် အခြေခံပညာကျောင်းများ၏ ပညာရေးလုပ်ငန်းများဖြစ်ပါသဖြင့် ယခုကဲ့သို့ ပညာရေးအခြေခံအဆောက်အဦများကို တည်ဆောက်ပေးနေခြင်း ဖြစ်ကြောင်းနှင့် ကျောင်းဆောင်သစ်ကြီး ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သူများအား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက  ယခုကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို  ဂုဏ်ပြုတက်ရောက်ပေးနိုင်ခြင်းကြောင့် များစွာဂုဏ်ယူမိကြောင်း၊ ကျောင်းသားလူငယ်များသည် ဖယောင်းကဲ့သို့ ပုံသွင်းရန် လွယ်ကူသည့်အတွက် မှန်ကန်စွာ ပုံသွင်းထုဆစ်ပေးရန် လိုအပ်ကြောင်း၊ အချို့လူငယ်များ၏ လွဲမှားသော အယူဝါဒ၊ အကျင့်စရိုက်များကြောင့် မိမိအတွက်ရော နိုင်ငံအတွက်ပါ အကျိုးမရှိဘဲ နွံနစ်လျက်ရှိကြောင်း၊ ထိုကဲ့သို့ မဖြစ်ပေါ်စေရန် အနာဂတ်လူငယ်များအား ပညာအခြေခံကောင်းသော၊ ပညာဉာဏ် အမြော်အမြင်ကြီးသော လူငယ်များဖြစ်အောင် ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်များ    အသိပညာမြင့်မားစေရန် ဆွေးနွေးပွဲများ၊ စကားဝိုင်း များကို ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊   ယခုကျောင်းဆောင်သစ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမျှော်မှန်းချက်များ အောင်မြင်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြပါရန်  မေတ္တာရပ်ခံကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ပညာရေးလုပ်ငန်းများကို  ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ကျောင်းဆောင်သစ်လှူဒါန်းသည့် အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျောင်းဆောင်သစ်နှင့် ပတ်သက်၍ စာရွက်စာတမ်းများအား တိုင်းဒေသကြီးပညာရေးမှူးထံ    လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အထကခွဲ တောကြီးစာဖြူစုကျောင်းရှိ  ုွ ကလေးများအတွက် ကျောင်းဝတ်စုံများထောက်ပံ့လှူဒါန်းရာ အထကခွဲ တောကြီးစာဖြူစု  တာဝန်ခံကျောင်းအုပ် ဆရာမကြီးက လက်ခံရယူပြီး ကျောင်းအကျိုးဆောင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ တောကြီးစာဖြူစုကျောင်းဆောင်သစ်သည် အလျားပေ ၁၃၀ ၊ အနံပေ ၃၀ နှင့် အမြင့် ၂၄ ပေရှိ ျွဃ အမျိုးအစား နှစ်ထပ်အဆောက်အအုံဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် တောကြီး စာဖြူစုကျေးရွာ  တောင်သူဦးကျော်မိုး၏ လယ်ယာမြေတွင် မိုးစပါးရာသီ တစ်ဧက အထွက်နှုန်း ၁၀ တင်း ပိုမိုထွက်ရှိရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆန်လျှော်) ထည့်သွင်းဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးခဲ့ကြသည်။