နမ္မတူမြို့နယ်၌ ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နမ္မတူမြို့နယ်၌ ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နမ္မတူ၊ လူမှုရေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်တွင် ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန် ၄ ရက် နံနက်ပိုင်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက သင်တန်းဆင်းအမှာစကားပြောကြားပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်ရွှေက ဘင်ခရာ သင်တန်း ဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်ကို ပြောကြားသည်။

ဆက်လက်၍ ဘင်ခရာသင်တန်းသား၊ သင်တန်းသူများက ကျောင်းကောင်စီ၊ မြန်မာ့ကျောင်း၊ ဇာတိမာန် သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဘင်ခရာသင်တန်းဖြစ်မြောက်ရေးအတွက် လှူဒါန်းသော အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းနည်းပြဆရာသုံးဦးအား အမှတ်တရ လက်ဆောင် ပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဘင်ခရာ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦးအတွက် သင်တန်းဆင်းဂုဏ်ပြု လက်မှတ်များအား အသီးသီး ပေးအပ်ရာသင်တန်းသား၊ သင်တန်းသူများက လက်ခံရယူသည်။

အဆိုပါ ဘင်ခရာသင်တန်းကို ဧပြီ ၂၀ ရက်မှ ဇွန် ၃ ရက်အထိ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ကြောင်း သိရသည်။    

လူမော်(ပြန်/ဆက်)