မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ တစ်ရက်လျှင် ဆန်ကွဲအိတ်ရေ ၃၇၀၀ တင်ပို့ရောင်းချလျက်ရှိ

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ တစ်ရက်လျှင် ဆန်ကွဲအိတ်ရေ ၃၇၀၀ တင်ပို့ရောင်းချလျက်ရှိ

မော်လမြိုင်ကျွန်း၊ စီးပွားရေး

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင် ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ တစ်ရက်လျှင် ဆန်ကွဲအိတ်ရေ  ၃၇၀၀ တင်ပို့ရောင်းချလျက်ရှိကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ဆန်၊ စပါး၊  ဆန်ကွဲ ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဥမ္မာ၏ ပြောဆိုချက်အရ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်၊ စပါး၊ ဆန်ကွဲရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းလုပ်ကိုင် သူများသည်    ဒေသထွက် ဆန်ကွဲများကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး မေလဒုတိယပတ်မှ လက်ရှိအချိန်ထိ တစ်ရက်လျှင် တစ်တင်းခွဲ ဆန်ကွဲအိတ်ရေ ၃၇၀၀ အထိ တင်ပို့ရောင်းချနေရကြောင်း၊ ပြီးခဲ့သည့်  မတ်လနှင့်ဧပြီလက ရန်ကုန်မြို့သို့ တစ်ရက်လျှင် တစ်တင်းခွဲ ဆန်ကွဲအိတ်ရေ ၂၄၀၀ သာ တင်ပို့ရောင်းချ ရကြောင်း သိရသည်။

“မော်လမြိုင်ကျွန်းမြို့နယ်က ဆန်ကွဲတွေကို ရန်ကုန်မြို့ကို တင်ပို့ရောင်းချတာများပါတယ်။  တစ်နိုင် တစ်ပိုင်တင်ပို့ ရောင်းချတဲ့သူတွေလည်းရှိသလို ပွဲရုံလုပ် ငန်းလုပ်ကိုင်သူတွေကလည်း တင်ပို့ရောင်းချ နေပါတယ်။ ရန်ကုန်မြို့ကို ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချတဲ့အခါမှာ အခက်အခဲမရှိ တင်ပို့လို့ရတဲ့ အတွက် တင်ပို့သူတွေ အဆင်ပြေပါတယ်။ မေလပထမပတ်လောက်ကစပြီး ဆန်ကွဲဝယ်လိုအား  သိသိသာသာ ကောင်းလာပါတယ်။   ရန်ကုန်မြို့ကဝယ်လက်တွေက ဆန်ကွဲမှာယူမှုများနေတယ်။ ပြည်ပ တင်ပို့တဲ့ ဆန်ကွဲဈေးကွက် ပြန်ကောင်းလာပြီး အခုလို ရန်ကုန်မြို့က အဝယ်လိုက်နေတာကြောင့်   ဆန်ကွဲရောင်းအား ကောင်းလာတာပါ”  ဟု  ဒေါ်ဥမ္မာက ပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ ဆန်ကွဲတင်ပို့ရာတွင် လက်ရှိတစ်တင်းခွဲ ဆန်ကွဲတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀  မှ  ၄၇၀၀၀ အထိ  ဈေးနှုန်းရှိကြောင်း၊ အဆိုပါဆန်ကွဲများ ရောင်းအားတက်လာသည့် အတွက် ကုန်သည်များ၊ ပွဲရုံလုပ်ငန်းရှင်များနှင့် ကုန်တင်ကုန်ချလုပ်သားများ အဆင်ပြေလျက်ရှိကြောင်း   သိရသည်။                      

သုတကျော်