ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့်လိုအပ်ချက်များ

ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့်လိုအပ်ချက်များ

ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC)သည် မိုခါမုန်တိုင်းနှင့်ပတ်သက်၍ အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ပေးသည့် ဗဟိုဌာနဖြစ်ပါသည်။ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းထားရှိပြီး  အဆိုပါ လုပ်ငန်းကော်မတီများသည် DMC တွင် စုဖွဲ့ကာ  မိုခါမုန်တိုင်းနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အရေးပေါ်တုံ့ပြန်ဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းကော်မတီ ၁၂ ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့်  ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကော်မတီအတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဦးထွန်းဇော်နှင့်တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

မေး။  ။ မိုခါမုန်တိုင်း   တိုက်ခတ်မှုနဲ့ ပတ်သက်ပြီး ကနဦးလုပ်ငန်းကော်မတီရဲ့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့မှုကို ပြောပြပေးစေလိုပါတယ်ရှင့်။

ဖြေ။   ။ မေ ၆ ရက်မှာကျင်းပတဲ့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ  အရေးပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးရဲ့လမ်းညွှန်ချက်နဲ့ မေ ၉ ရက်မှာ လုပ်ငန်းစီမံချက်ကို ရေးဆွဲခဲ့ပါတယ်။ စီမံချက်အရ ရွေ့လျားအဖွဲ့ခုနစ်ဖွဲ့နဲ့ စာရင်းပြုစုရေးအဖွဲ့ ၁၀ ဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးခဲ့တယ်။ လုပ်ငန်းကော်မတီအတွင်းရေးမှူးအနေနဲ့ မေ ၈ ရက်ကစလို့    DMC မှာ နေ့စဉ်အစည်းအဝေး တက်ရောက်ပြီး  လုပ်ငန်းကော်မတီနဲ့ စပ်လျဉ်းတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ပါ တယ်။ မေ ၉ ရက်က စတင်ပြီး  DMC မှာ ညွှန်ကြားရေးမှူးတစ်ဦး၊ ဒုတိယစာရင်းအင်းမှူးတစ်ဦးကို ရုံးထိုင်ဆောင်ရွက် စေခဲ့ပါတယ်။ ဒါ့အပြင် မုန်တိုင်းဝင်ရောက်နိုင်တဲ့ ဒေသတွေရဲ့အချက်အလက်တွေ ကြိုတင်ပြုစုခြင်း၊ ကောက်ယူမယ့်စာရင်းပုံစံပြုစုခြင်း၊ ပုံစံတွေကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်   လုပ်ငန်းကော်မတီတွေထံ   ဖြန့်ဝေခြင်းတွေ ဆောင်ရွက်ပါတယ်။  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအရေးပေါ် Command Post အဖွဲ့တွေမှာ တိုင်းဒေသကြီး/ပြည်နယ်တွေမှာရှိတဲ့ ဗဟိုစာရင်းအင်း အဖွဲ့ဝန်ထမ်းတွေ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

ပျက်စီးမှုစာရင်းတွေ ကြိုတင်စာရင်းကောက်နိုင်ဖို့ မုန်တိုင်းမဖြစ်ခင် မုန်တိုင်းလမ်းကြောင်းသင့် ဒေသတွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့  ရခိုင်ပြည်နယ်တို့ကို မေ ၁၁ ရက်မှာ စေလွှတ်ခဲ့ပါတယ်။ ဆက်လက်ပြီး မကွေးနဲ့ ပဲခူးတိုင်းဒေသကြီးတို့ကို  မေ ၁၃ ရက်မှာစေလွှတ်ပြီး ပျက်စီးမှု စာရင်းကောက်ယူနိုင်ရေး ကြိုတင်ဆောင်ရွက်ခဲ့ပါတယ်။

မေး။  ။ မုန်တိုင်းကြောင့် ထိခိုက်မှုအများဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့စပ်လျဉ်းပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို သိရှိလိုပါတယ်။

ဖြေ။   ။ ရခိုင်ပြည်နယ်ကို မေ ၁၅ ရက်မှာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး သွားရောက်ခဲ့ပါတယ်။ မေ ၁၆ ရက်မှာ ရခိုင်ပြည်နယ်ရဲ့  ပျက်စီးဆုံးရှုံးမှုစာရင်း ကောက်ယူနိုင်ရေးလုပ်ငန်း စီမံချက်ရေးဆွဲပြီး  ရွေ့လျားအဖွဲ့ဝင်တွေ၊ ရခိုင်ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအောက် ဌာနအဖွဲ့အစည်းတွေက  ဝန်ထမ်းတွေနဲ့ စာရင်းကောက်ယူရေးအဖွဲ့ ၁၇ ဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။ မေ ၁၅ ရက်မှာ ဗဟိုစာရင်းအင်းအဖွဲ့(ရုံးချုပ်)က ရန်ကုန်ကိုစေလွှတ် ထားတဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်တဲ့အဖွဲ့က ရခိုင်ပြည်နယ်ကို ဆက်လက်သွားရောက်ပြီး မြေပြင်စာရင်း ကောက်ယူနိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့အဖွဲ့ကို မေ ၁၆ ရက်မှာ စစ်တွေမြို့သို့ ထပ်မံစေလွှတ်ပြီး စာရင်းကောက်ယူရေးအဖွဲ့  ၁၇ ဖွဲ့ရဲ့   မြေပြင်စာရင်းကောက်ယူရရှိတဲ့ အချက်အလက်တွေကို  ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု  ဗဟိုဌာန(DMC)သို့ နေ့စဉ်တင်ပြပါတယ်။

ဒီလုပ်ငန်းစီမံချက်အရ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ ၁၇ ဖွဲ့ကို  မေ ၁၇ ရက် နံနက်ပိုင်းကစတင်ပြီး အဖွဲ့အသီးသီးက တာဝန်ယူရတဲ့ မြို့နယ်တွေကို စာရင်းကောက်ယူဖို့ ထွက်ခဲ့ကြပါတယ်။

စာရင်းကောက်ယူရေးအဖွဲ့ ၁၇ ဖွဲ့က ရခိုင်ပြည်နယ်ရဲ့ ပျက်စီးဆုံးရှုံးမှုစာရင်းတွေကို မေ ၁၇ ရက်စတင်ပြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့ရာ မေ ၂၃ ရက်မှာ ပြီးဆုံးခဲ့ပြီး ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနနဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန(DMC)ကို အချိန်နဲ့တစ်ပြေးညီတင်ပြခဲ့ပါတယ်။

စာရင်းကောက်ယူရေးအဖွဲ့ ၁၇ ဖွဲ့က ရရှိတဲ့   ပျက်စီးဆုံးရှုံးမှုစာရင်းတွေနဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာ မြို့နယ်တွေမှာ ပြန်လည်ထူထောင်ရေး    လုပ်ငန်းတွေ ဆောင်ရွက်ဖို့ တပ်မတော်က  တာဝန်ပေးအပ်ထားတဲ့  တာဝန်ခံအရာရှိကြီးတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနရဲ့ လမ်းညွှန်မှုကို ရရှိခဲ့ပါတယ်။ ဒီအတွက် မေ ၂၇ ရက်ကစတင်ပြီး မြို့နယ် ၁၇ မြို့နယ်ကို  ဒုတိယအကြိမ် ထပ်မံကွင်းဆင်းပြီး သက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီး ပျက်စီးဆုံးရှုံးမှုစာရင်းတွေ ပြန်လည်စိစစ်အတည်ပြုနိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။

ဒုတိယအကြိမ်  ထပ်မံသွားရောက်ရာတွင် မေ ၂၇ ရက်မှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်နဲ့ အမ်းမြို့နယ်၊ မေ ၂၈ ရက်မှာ ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊  တောင်ကုတ်၊  မာန်အောင်၊ မောင်တော၊ မင်းပြား၊ မြေပုံ၊ ဂွနဲ့သံတွဲမြို့နယ်တွေကို ထွက်ခွာခဲ့ကြပြီး ဇွန် ၅ ရက်အထိ  ပျက်စီးဆုံးရှုံးမှုစာရင်းတွေ ပြန်လည်စိစစ် အတည်ပြုနိုင်ရေး ဆောင်ရွက်ခဲ့ကြပါတယ်။

မေး။  ။        ကောက်ယူရရှိတဲ့ စာရင်းတွေကို ဘယ်လိုဆက်လက်ဆောင်ရွက် ရပါသလဲ။

ဖြေ။   ။ ကနဦးလုပ်ငန်းကော်မတီက နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်တွေမှာ   သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု စာရင်းတွေကို  မေ ၁၁ ရက်က စတင်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(DMC)ကို နေ့စဉ်အစီရင်ခံ တင်ပြခဲ့ပါတယ်။ ကနဦးလုပ်ငန်း ကော်မတီအနေနဲ့ သဘာဝဘေးဒဏ်ကြောင့် လူများအသက်ဆုံးရှုံးမှု၊ တိရစ္ဆာန်များ သေကျေ

ပျက်စီးမှု၊ ပျက်စီးဆုံးရှုံးသွားတဲ့အဆောက်အအုံတွေကို ပြန်လည်ပြုပြင် တည်ဆောက်ရာမှာ  ထောက်ပံ့ကူညီ ပေးနိုင်ဖို့အတွက် ပညာရေး၊  ကျန်းမာရေး၊  သာသနိက အဆောက်အအုံတွေရဲ့ ပျက်စီးမှုနဲ့ သွပ်၊ သံ၊ သစ်လိုအပ်ချက်ကနဦးစာရင်းတွေ၊ အခြေခံအဆောက်အဦ၊   လျှပ်စစ်နဲ့စွမ်းအင်၊ ပိုင်ဆိုင်ပစ္စည်း(ကား၊ ဆိုင်ကယ်၊ စက်ဘီး)စတဲ့ သယ်ယူပို့ဆောင်ရေး၊ လယ်ယာ/သားငါးကဏ္ဍတို့နဲ့စပ်လျဉ်းတဲ့ ပျက်စီးဆုံးရှုံးမှု စာရင်းတွေကို သတ်မှတ်ပုံစံနဲ့ပြုစုပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)ကို နေ့စဉ် အစီရင်ခံ တင်ပြလျက်ရှိပါတယ်။   ။

ဝင်းဝင်း