ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်၊

နေပြည်တော်၊ သြဂုတ် - ၁၀

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ငူမြို့၊ ကင်းဆိပ် ကျေးရွာနှင့်အုတ်တွင်းမြို့နယ်၊ မန်ကျီးပင်စုကျေးရွာချင်းဆက်လမ်းပေါ်ရှိ ခပေါင်းချောင်းတံတား သည် သြဂုတ် ၃ ရက်တွင် ချောင်းရေတိုက်စားမှုကြောင့် မျောပါပျက်စီးမှုဖြစ်ပေါ်ခဲ့သဖြင့် တောင်ငူတပ်နယ်နှင့် အုတ်တွင်းတပ်နယ်တို့မှ တပ်မတော်သားများက တံတားပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် တံတားပြုပြင်ခြင်း၊ မျောတိုင်စိုက်ထူပေး ခြင်း၊ ငြမ်းဆင်ခြင်း၊ တင်ကျန်ခဲ့သော အမှိုက်များနှင့် နုန်းများ ဖယ်ရှားရှင်းလင်းပေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသည်။

အလားတူ ပိန်းဇလုတ်မြို့အဝင် ရန်ကုန်-မန္တလေး ကားလမ်းပေါ်ရှိ ကွန်ကရစ် တံတားသည် သြဂုတ် ၅ ရက်တွင် ရေတိုက်စား ပျက်စီးမှုကြောင့် ပျက်စီးခဲ့ပြီး နယ်မြေခံ တပ်မတော်များက ပြန်လည်ပြုပြင်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ညောင်လေးပင်တပ်နယ်မှ တပ်မတော်သားများ တံတားပြုပြင်ခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ရာ ယခုအခါတံတားပြုပြင်ခြင်းများ လုပ်ငန်းများ ပြီးစီး၍ ယာဉ်များ ပုံမှန် သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ဧရာဝတီမြစ်ရေပြန်လည် ကျဆင်းသွားသဖြင့် ပန်းတောင်မြို့နယ်၊ မြသိန်း တန်းဘုရားနှင့် တောင်လက်ကြီးဘုရား ရေဘေးရှောင်စခန်းတို့၌ ရွှေပြောင်း နေထိုင်လျက်ရှိသည့် ခတ္တိယရပ်ကွက်နှင့် တောင်(၂)ရက်တို့မှ ရေဘေးရှောင် ပြည်သူများအား ယနေ့တွင် ပန်းတောင်း တပ်နယ်မှ တပ်မတော်သားများက ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ကူညီရွှေ့ပြောင်းပေးခြင်း၊ မြစ်ရေဝင်ရောက်မှုကြောင့် တင်ကျန်ခဲ့သော အမှိုက်များနှင့် နုန်းများ ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် နေအိမ်ပြုပြင်ခြင်းများကို  ကူညီဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးမှုများကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ သက်ဆိုင်ရာ တပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။