နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရခိုင်ပြည်နယ်၊  စစ်တွေမြို့ရှိ ရှင်မာကုကသီဒြယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် သက္ကေယ်ပြင် IDP  Camp သို့ သွားရောက်၍ တွေ့ဆုံအမှာစကားပြောကြား၊ စားသောက်ဖွယ

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရခိုင်ပြည်နယ်၊  စစ်တွေမြို့ရှိ ရှင်မာကုကသီဒြယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် သက္ကေယ်ပြင် IDP  Camp သို့ သွားရောက်၍ တွေ့ဆုံအမှာစကားပြောကြား၊ စားသောက်ဖွယ်ရာများ ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

နေပြည်တော်၊ ဇွန်  ၁၅

စစ်တွေမြို့သို့ ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ မေယုလမ်းနှင့် ချင်းပျံလမ်းထောင့်ရှိ ရှင်မာကုက သီဒြယ် ခရစ်ယာန်ဘုရား ရှိခိုးကျောင်းသို့ သွားရောက်ပြီး မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားကျောင်း ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုသည်။

ဦးစွာ ဘုရားကျောင်း ကျောင်းထိုင်ဆရာတော် ဦးလှိုင်ဝင်းက မုန်တိုင်း ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများ၊ ပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဘာသာရေးဆိုင်ရာများ ဆွေးနွေးတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး  အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေနှင့် ဖွဲ့စည်းပုံအခြေခံဉပဒေအရ နှစ်သက်ရာ ဘာသာအပေါ် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားသော်လည်း  အားလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသူများသာ ဖြစ်၍ နိုင်ငံတော်၏ သစ္စာကို စောင့်သိရန်လိုကြောင်း၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြသူများဖြစ်၍ သုခ၊ ဒုက္ခ မှန်သမျှတို့ကို အေးအတူပူအမျှ မျှဝေခံစားကြရကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်မှုဖြင့် မိုခါမုန်တိုင်း၏ ထိခိုက်မှုအပေါ် အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရန် အဖက်ဖက်မှ ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်းသာသနိကအဆောက်အဦများ  နှင့်ပတ်သက်၍လည်း အလေးထားပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မုန်တိုင်း မတိုက်ခိုက်မီ ကြိုတင်ပြင်ဆင်ခဲ့မှုများကြောင့် မုန်တိုင်းမှာ  အလွန့်အလွန်ပြင်းထန် ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံးဖြင့် ရင်ဆိုင် နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်မှုနှင့် ပြန်လည်ထူထောင်ရေးတွင်လည်း ပူးပေါင်းပါဝင်ခဲ့မှုများ အတွက် ကျေးဇူးတင်ပါကြောင်း၊ ဆက်လက်၍လည်း  ပြန်လည်ထူထောင်ရေး တွင်လည်း ဆရာတော်များနှင့် ဘာသာဝင်များကလည်း တစ်တက်တစ်အား တက်နိုင်သည့်ဘက်မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ အဖထာဝရ ဘုရားရှင်၏ နာမတော်ကျေးဇူးတော်တို့ဖြင့် ဘာသာသာသနာ အကျိုးကို အကောင်းဆုံးထမ်း ဆောင်နိုင်စေရန် ဆန္ဒပြုပါကြောင်းဖြင့် ပြောကြားပြီး ခရစ်ယာန်ဘာသာရေးအဖွဲ့ များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ ပစ္စည်းများကို  ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် သက္ကေယ်ပြင် IDP Camp သို့ သွားရောက်၍ အဆိုပါ IDP Camp တွင် နေထိုင်သူများအား တွေ့ဆုံ၍ နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား မည်သူမဆို နိုင်ငံတော်၏ အကောင်းအဆိုးမှန်သမျှကို အားလုံးဝေမျှခံစားရသည့် အခြေအနေများ၊ ယခုအခါ မိုခါမုန်တိုင်း၏ ဘေးအန္တရာယ်ကိုလည်း ခံစားခဲ့ရသလို ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း တက်ညီလက်ညီဖြင့် ဝိုင်းဝန်းဆောင် ရွက်သွားရန်လိုအပ် သည့် အခြေအနေများ၊ နိုင်ငံတော်၏ စေတနာအပေါ် သိရှိနားလည်ရန် လိုအပ်သည့် အခြေအနေများ၊ အခြေခံဉပဒေအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားသော်လည်း မည်သည့်ဘာသာကိုးကွယ်သည် ဖြစ်စေ အစွန်း မရောက်အောင် ထိန်းသိမ်းရန် လိုအပ်သည့် အခြေအနေများ၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင်အလိုက် ကျေးရွာ၊ မြို့ရွာများ သန့်ရှင်းသာယာလှပစေရန် ဝိုင်းဝန်း လုပ်ကိုင်ရန် လိုအပ်သည့် အခြေအနေများ၊ အမြင်မတော်သည်များကို နိုင်ငံတော်က ဆောင်ရွက်ပေး လျက်ရှိသလို ကိုယ်ထူကိုယ်ထဖြင့် လုပ်ဆောင်ရန်လည်း လိုအပ်သည့် အခြေအနေ များ၊ ပြည်နယ်အနှံ့ ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် လိုအပ်ချက်များ ရှိနေနိုင်သော်လည်း ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည့်အခြေ အနေများ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သော စားရေအဆင်ပြေစေ ရန်နှင့် အမိုးအကာအောက်တွင် လုံခြုံစွာနေထိုင်နိုင်ရေး အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး စားသောက်ဖွယ်ရာများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့ထုတ်များနှင့် တာပေါ်လင်လိတ် များ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံ ရယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။