ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ့ရုပ်မြင်သံကြား(ရန်ကုန်)တွင် လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးပြီး သုဝဏ္ဏဘောလုံးကွင်းတွင် မိုခါမုန်တိုင်း သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လေးပွင့်ဆိုင် ရန်ပုံငွေဘောလုံးပြိုင်ပွဲ ကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ့ရုပ်မြင်သံကြား(ရန်ကုန်)တွင် လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးပြီး သုဝဏ္ဏဘောလုံးကွင်းတွင် မိုခါမုန်တိုင်း သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လေးပွင့်ဆိုင် ရန်ပုံငွေဘောလုံးပြိုင်ပွဲ ကြည့်ရှုအားပေး

ရန်ကုန်  ဇွန်  ၁၇

    ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာ့ရုပ်မြင်သံကြား(ရန်ကုန်)၌ လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များမှာကြားပြီး သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည့် မိုခါမုန်တိုင်းသဘာဝ ဘေးအန္တရာယ်ပြန်လည်ထူထောင်ရေး လေးပွင့်ဆိုင် ရန်ပုံငွေဘောလုံး ပြိုင်ပွဲကိုကြည့်ရှု အားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မေ ၁၄ ရက်က မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် မြန်မာ့ရုပ်မြင်သံကြား(ရန်ကုန်)ရှိ ပင်မအဆောက်အဦမှ ခေါင်မိုးသွပ်များ ပြုတ်ထွက်ပျက်စီးခဲ့မှုအပေါ်  အမြန်ရှင်းလင်း၍ ပြုပြင်ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စတူဒီယို-အေတွင် နိုင်ငံတော်သံစုံ တီးဝိုင်းအား အဆင့်မြှင့်တင်နိုင်ရန်အတွက် အခြားနိုင်ငံများမှ သံစုံတီးဝိုင်းများ တီးခတ်ဖျော်ဖြေ တင်ဆက်မှု ဗီဒီယိုဖိုင်ကို စုပေါင်းကြည့်ရှု၍ ဖွဲ့စည်းလေ့ကျင့်မှုနှင့် ဖျော်ဖြေ တင်ဆက်မှုများအား သုံးသပ်ဆွေးနွေးပြီး အကြံပြုတင်ပြချက်များ အပေါ်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဧည့်ပရိသတ်များနှင့်အတူ မိုခါမုန်တိုင်း သဘာဝဘေးအန္တရာယ်  ကျရောက်သော ဒေသများ  ပြန်လည်ထူထောင်ရေးတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး  သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်း၌ အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊  နိုင်ငံ့ဂုဏ်ဆောင်   မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ ပူးပေါင်းကျင်းပသည့်  ရန်ပုံငွေဘောလုံးပြိုင်ပွဲနှင့်   တေးဂီတဖျော်ဖြေပွဲ   ဒုတိယနေ့သို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ဘောလုံးပြိုင်ပွဲ တတိယလုပွဲ မစတင်မီ ပါဝင်ယှဉ်ပြိုင်ကြမည့်    Forever FC အသင်းနှင့် Old Star FC တို့မှ နှစ်ဖက်အသင်းသားများကို    မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ    ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး   (ဗဟို) ဥက္ကဋ္ဌ  ဦးလွင်မြင့်တို့က    ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး   မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များက ပန်းစည်းများ ပေးအပ်ကြသည်။

ထို့နောက် တတိယလုပွဲကို ယှဉ်ပြိုင် ကစားကြရာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပြီး ပယ်နယ်တီ အဆုံးအဖြတ်ရယူရာ Old Star FC အသင်းက ၅ ဂိုး ၄ ဂိုးဖြင့် Forever FC  အသင်းကို အနိုင်ရရှိခဲ့သည်။

ယင်းနောက်  ဗိုလ်လုပွဲကို ကျင်းပရာ ပြိုင်ပွဲမစတင်မီ  ပါဝင်ယှဉ်ပြိုင်ကြမည့် ရုပ်ရှင်အသင်း (Movie FC)နှင့် ဂီတအသင်း(Music FC)အသင်းတို့မှ နှစ်ဖက်အသင်းသားများကို  မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့်    ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးနေလင်းဦးတို့က ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ အနုပညာရှင်များက ပန်းစည်းများ ပေးအပ်ကြသည်။

ဆက်လက်၍ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြရာ ဂီတအသင်း(Music FC)က ၂ ဂိုး ၁ ဂိုးဖြင့် ရုပ်ရှင်အသင်း(Movie FC)ကို အနိုင်ရရှိခဲ့သည်။

ထို့နောက်   အလှူငွေပေးအပ်ပွဲကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ငွေကျပ်သိန်း ၃၀၀ နှင့်စီးပွားရေး လုပ်ငန်းရှင်များက ငွေကျပ်သိန်း ၂၅၀ ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး    ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြသည်။

ဆက်လက်၍ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်း ဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့်    ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးနေလင်းဦးတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ   အသန့်ရှင်းဆုံးဆုရရှိသည့် Forever FC အသင်းနှင့် တတိယဆုရရှိသည့် Old Star FC  အသင်းတို့ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက လည်းကောင်း၊ ဂိုးသွင်းအများဆုံးဆု ရရှိသည့်    ဂီတအသင်း (Music FC)မှ ကျောနံပါတ်(၁၃) အာကာကို မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်က လည်းကောင်း၊ ဒုတိယဆုရရှိသည့် ရုပ်ရှင်အသင်း (Movie FC)ကို ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ်  ဦးဌေးအောင်က လည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက ပထမဆုရရှိသည့် ဂီတအသင်း (Music FC) အသင်းကို ဆုများပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ 

ဘောလုံးပွဲမစတင်မီနှင့် ခေတ္တရပ်နားချိန်အတွင်း  နိုင်ငံကျော် အဆိုတော်များ ဖြစ်ကြသည့် အိမ့်ချစ်၊ ချယ်ရီသင်း၊ ဂျင်းနီ၊ အစ္စဏီ၊ ရာဝန၊  ICE  COLD၊ မိဖူး၊ နေလင်းကျော်၊ ဆိုတေး၊ Dဖြိုး၊ ဟန်သီနှင့် မီးနိုတို့က  တေးသီချင်းများဖြင့်  ဖျော်ဖြေ တင်ဆက်ကြပြီး ပြိုင်ပွဲသို့ လာရောက်အားပေးကြသည့် ဧည့်ပရိသတ်များက မိုခါမုန်တိုင်း ဒဏ်သင့်ဒေသများ  ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။

လေးပွင့်ဆိုင် ရန်ပုံငွေဘောလုံးပြိုင်ပွဲမှ အလှူငွေ ကိုးရာငါးဆယ့်ငါးသိန်းငါးသောင်း ရရှိပြီး ရရှိသောအလှူငွေများကို    မိုခါ မုန်တိုင်းဒဏ်သင့်ဒေသများ   ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။