နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်း၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးပစ္စည်းများ တင်ချနေမှုနှင့် နည်းပညာတက္ကသိုလ်(စစ်တွေ)သို့သွားရောက်ကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်း၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးပစ္စည်းများ တင်ချနေမှုနှင့် နည်းပညာတက္ကသိုလ်(စစ်တွေ)သို့သွားရောက်ကြည့်ရှုစစ်ဆေး

စစ်တွေ ဇွန် ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်နှင့် ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်း၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ တင်ချနေမှုနှင့် နည်းပညာတက္ကသိုလ်(စစ်တွေ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရောက်ရှိပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ သယ်ဆောင်လာသည့် ဝိရူပက္ခနှင့် MV ROYAL VENUS သင်္ဘောဆိုက်ရောက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်း များတွင် အသုံးပြုမည့်ပစ္စည်းများကို လူအင်အား၊ စက်ယန္တရား အင်အားများ အသုံးပြု၍ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲပေးနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်သွားကြရန်မှာကြားသည်။

ထို့နောက် နည်းပညာတက္ကသိုလ်(စစ်တွေ)သို့ သွားရောက်ရာ စစ်တွေမြို့ဗန္ဓုလအဝိုင်းမှ နည်းပညာ တက္ကသိုလ်(စစ်တွေ)အထိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့များက လျှပ်စစ်ဓာတ်အားလိုင်းများ ကြံ့ခိုင်ရေးဆောင်ရွက် နေမှုနှင့် ဓာတ်အားလိုင်းနှင့် မလွတ် ကင်းသော သစ်ပင်သစ်ကိုင်းများ ရှင်းလင်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။  

ယင်းနောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့သည့် နည်းပညာတက္ကသိုလ်(စစ်တွေ) သို့ရောက်ရှိရာ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက စာသင်ဆောင်များ ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် နည်းပညာတက္ကသိုလ် (စစ်တွေ)ရှိ မုန်တိုင်းဒဏ် ကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှု မရှိအောင် ရွှေ့ပြောင်းထားရှိသည့် သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားများ လက်တွေ့သင်ကြားပို့ချချိန်တွင်  အသင့်ဖြစ်စေရေး  စနစ်တကျ ထိန်းသိမ်းထားရှိရန်နှင့် စက်ပစ္စည်းများ ကောင်းမွန်စေရေးအတွက် ပုံမှန်စစ်ဆေးထားရှိရေး လမ်းညွှန်မှာကြားသည်။

ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် မဟာအောင်မြေ ဗောဓိသာသနာ့ရိပ်သာ အလိုတော်ပြည့် ကျောင်းသို့ရောက်ရှိပြီး အလိုတော်ပြည့်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ပရိယတ္တိသာသနဟိတဓရ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာအရိယဝံသအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီးများသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေးပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်သည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများက ထောက်ပံ့ရေး ပစ္စည်းများ ထပ်မံရောက်ရှိမှု၊ ဖြန့်ခွဲသွားမည့်အခြေအနေ၊   ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေနှင့် လိုအပ်ချက် များကို ရှင်းလင်တင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စစ်တွေမြို့ သန့်ရှင်း သာယာလှပရေး အတွက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု ကင်းစင်ပပျောက်ရေး စနစ်တကျ စီမံဆောင်ရွက်သွားရန်၊ စားရေ ရိက္ခာများဖြန့်ဖြူးရာတွင် အမှန်တကယ် လိုအပ်ချက်ရှိသော နေရာဒေသများရှိ ဘေးဒဏ်သင့် ပြည်သူများထံသို့ ဦးစားပေးအစီအစဉ်ဖြင့် စနစ်တကျဖြန့်ခွဲနိုင်ရေး စီမံဆောင်ရွက်ရန်၊ ထောက်ပံ့ရေး ပစ္စည်းများ အတင်အချနှင့် ပို့ဆောင်ဖြန့်ခွဲရာတွင် အချိန်ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်သွားရန်၊ ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားနိုင်ရေးနှင့်လုပ်ငန်းများ လျင်လျင်မြန်မြန်ပြီးစီးရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)