ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း Myanmar Media Development Center နှင့် CMB Films Myanmar Co.,Ltd. တို့ကို သွားရောက်ကြည့်ရှု လေ့လာ

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း Myanmar Media Development Center နှင့် CMB Films Myanmar Co.,Ltd. တို့ကို သွားရောက်ကြည့်ရှု လေ့လာ

ရန်ကုန်  ဇွန်  ၁၈

    ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင်   ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းနှင့် ပါရမီလမ်းထောင့်ရှိ   Forever Group Holding.,Ltd ၏ ဌာနခွဲဖြစ်သည့် Myan-mar Media Development Center နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၇)ရပ်ကွက်ရှိ   CMB Films Myanmar Co.,Ltd.  တို့သို့    သွားရောက်ကြည့်ရှုသည်။

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးသည် Myanmar Media Development Centerသို့ ရောက်ရှိပြီး ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးရန် ဆက်တင်များ ပြင်ဆင်ဆောင်ရွက် ထားရှိမှု၊   စတူဒီယိုအဆောက်အအုံများ ပြန်လည်ပြင်ဆင် မွမ်းမံမှုတို့ကို ကြည့်ရှုရာ Forever Group Holding.,Ltd. မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြသည်။

ထို့နောက် CMB Films Myanmar Co.,Ltd. သို့ ရောက်ရှိပြီး  ရိုက်ကူးရေး လုပ်ငန်းတွင်  အသုံးပြုသည့် စက်ကိရိယာ ပစ္စည်းများ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုလေ့လာသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် CMB Films Myanmar Co.,Ltd.  ရုံး စတူဒီယိုတွင် ကျင်းပသည့်   New Talents Training  အမှတ်စဉ် (၇)   သင်တန်းဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့  တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ CMB Films Myanmar Co.,Ltd ရုံး စတူဒီယိုတွင်   နိုင်ငံတကာ အဆင့်မီအနုပညာဆိုင်ရာ  စက်ကိရိယာ ပစ္စည်းများကို ယနေ့ကြည့်ရှု လေ့လာခဲ့ကြောင်း၊  အနုပညာသည် လူအများကို ဖမ်းစားနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပြီး မိမိအနေဖြင့်    အနုပညာ၏တန်ဖိုးကို လေးစားတန်ဖိုးထားကြောင်း၊ အနုပညာရှင် တစ်ယောက်ဖြစ်ရန် မလွယ်ကူကြောင်း၊ မိမိအနေဖြင့် အနုပညာရှင် မဟုတ်သော်လည်း အနုပညာရှင်များ၏ သဘောသဘာဝကို နားလည်ကြောင်း၊ ရင်းနှီးခင်မင်သူ  အနုပညာရှင် အများအပြားလည်း ရှိကြောင်း၊ ယနေ့သင်တန်းဆင်းပွဲတွင် နှုတ်ဆက်စကား ပြောကြားခွင့်ရသည့်အတွက် ကျေးဇူးတင်ကြောင်း၊  သင်တန်းဆင်း သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် အနုပညာလမ်းကို လျှောက်လှမ်းကြမည်ဟု သိရသည့်အတွက် ဝမ်းသာကြည်နူးဖြစ်ရကြောင်း၊ အနုပညာလုပ်ငန်းများကို ပြည်သူအတွက် ကျေပွန်စွာ ရိုးသားကြိုးစားစွာ ဆောင်ရွက်သွားကြစေလိုကြောင်း၊  သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် အနာဂတ်အိပ်မက်များကို အကောင်အထည်ဖော် နိုင်ပါစေကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သရုပ်ဆောင်အသစ် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

Forever Group Holding.,Ltd. ၏ ဌာနခွဲဖြစ်သည့် Myanmar Media Development Center နှင့် CMB Films Myan-mar Co.,Ltd. တို့က သရုပ်ဆောင်အသစ်များကို   မွေးထုတ်ပေးလျက်ရှိရာ ယနေ့ကျင်းပသည့် သင်တန်းသည်   (၇)ကြိမ်မြောက်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ  ၃၄ ဦး တက်ရောက်ခဲ့ကြောင်း၊ သင်တန်းတက်ရောက်နေစဉ် အတွင်း သင်တန်းသား၊ သင်တန်းသူများ၏ နေထိုင်စားသောက်စရိတ်များကို  ကုမ္ပဏီက အခမဲ့ ကျခံပေးခဲ့ကြောင်း သိရသည်။