မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအား ထောက်ပံ့ကူညီနိုင်ရေး ရန်ပုံငွေ ရရှိစေရန် ပါဝင်ကူညီဆောင်ရွက် ပေးခဲ့ကြသူများကို ဂုဏ်ပြုသည့် အခမ်းအနား ကျင်းပ

မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအား ထောက်ပံ့ကူညီနိုင်ရေး ရန်ပုံငွေ ရရှိစေရန် ပါဝင်ကူညီဆောင်ရွက် ပေးခဲ့ကြသူများကို ဂုဏ်ပြုသည့် အခမ်းအနား ကျင်းပ

ရန်ကုန်  ဇွန်  ၁၉

    မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအား ထောက်ပံ့ကူညီနိုင်ရေး ရန်ပုံငွေရရှိရန်ပါဝင် ဆောင်ရွက်ပေးခဲ့ကြသူများကို  ဂုဏ်ပြုသည့် အခမ်းအနားကို    ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး   ဗဟန်းမြို့နယ်ရှိ SKY STAR  HOTEL၌ ကျင်းပသည်။

မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက်   ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များ၏ ပဒေသာကပွဲကို ဇွန် ၂ ရက်၊ ၃ ရက်နှင့် ၄ ရက်တို့တွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ စုပေါင်းဖျော်ဖြေတင်ဆက်၍ ရန်ပုံငွေရှာဖွေခဲ့ကြသည်။

အလားတူ  ဇွန် ၁၆ ရက် နှင့် ၁၇ ရက်တို့တွင် မိုခါမုန်တိုင်း သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး   လေးပွင့်ဆိုင် ရန်ပုံငွေဘောလုံးပြိုင်ပွဲကို    ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပရာ ရုပ်ရှင်အသင်း(MOVIE FC)၊   ဂီတအသင်း (MUSIC FC)၊ ညွန့်ပေါင်းအသင်း (OLD STAR FC)၊  FOREVER FCအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ်များ တစ်ခဲနက်လာရောက် အားပေးကာ စေတနာသဒ္ဓါတရား ထက်သန်စွာ အလှူငွေများ  ထည့်ဝင်လှူဒါန်းခဲ့ကြသည်။ မကြာမီကာလတွင် အဆိုပါရန်ပုံငွေပွဲများမှ လှူဒါန်းရရှိငွေများအား အနုပညာရှင်များ၊ အတတ်ပညာရှင်များက ရခိုင်ပြည်နယ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းကြမည်ဟု သိရသည်။

ဂုဏ်ပြုပွဲအခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နှင့် ဟာသပညာရှင်များ အစည်းအရုံးတို့မှ နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အနုပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် ဘောလုံးသမားဟောင်းများ၊ မိုခါမုန်တိုင်းဒဏ်သင့် ဒေသများ ပြန်လည်ထူထောင်ရေးတွင် လှူဒါန်းထောက်ပံ့ခဲ့ကြသည့် အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ မိုခါမုန်တိုင်းမကျရောက်မီ ကြိုတင်ပြင်ဆင်မှု၊ မုန်တိုင်းကျရောက်စဉ် အရေးပေါ်တုံ့ပြန်မှုနှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်မှု၊ မုန်တိုင်းကျရောက်ပြီးနောက် အပျက်အစီးများ ရှင်းလင်းဖယ်ရှားမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံ့အကြီးအကဲများ ကိုယ်တိုင် သွားရောက်၍ စီမံလုပ်ဆောင်မှု၊ ဝန်ကြီးဌာနများက   သက်ဆိုင်ရာ ကဏ္ဍများအလိုက် အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ပြည်တွင်း/ပြည်ပ အလှူရှင်များက ဆက်သွယ်ပေးပို့လှူဒါန်းမှု၊ မုန်တိုင်းဒဏ်သင့်ဒေသများရှိ   ပြည်သူများအား အနုပညာရှင်များ သွားရောက်တွေ့ဆုံလှူဒါန်း၍ အားပေးစကား ပြောကြားမှု၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ဟာသအစည်းအရုံးတို့ ပူးပေါင်း၍ ရန်ပုံငွေရှာဖွေရေး ပဒေသာကပွဲ ကျင်းပမှု၊   မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများနှင့် အနုပညာရှင်များ ပူးပေါင်း၍ ရန်ပုံငွေဘောလုံးပွဲနှင့် ဂီတဖျော်ဖြေပွဲကျင်းပမှု၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုကို  စည်းလုံးမှု စုပေါင်းစွမ်းအားဖြင့် တုံ့ပြန်ဖြေရှင်း ဆောင်ရွက်နိုင်မှု သရုပ်ဖော် Video Clipကို   ဖွင့်လှစ်ပြသရာ စုပေါင်းကြည့်ရှု အားပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ မေ ၁၄ ရက်က   အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ခံရသည့် အတွက် ရခိုင်ပြည်နယ်တွင် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများခဲ့ခြင်းကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ်အလိုက် လူအင်အား၊ စက်ကိရိယာအင်အားများဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတစ်ဝန်းမှ စာနာထောက်ထားသော အားဖြင့် အလှူငွေများ   ပါဝင်လှူဒါန်းလျက် ရှိကြောင်း၊   ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ဟာသ အနုပညာရှင်၊ အတတ်ပညာရှင်များက စိတ်ရင်းစေတနာမှန်စွာ ကူညီကယ်ဆယ်ရေး၊    ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် တစ်တပ်တစ်အား   ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့်အတွက် များစွာဝမ်းမြောက် ပီတိဖြစ်ရကြောင်း၊နောင်လာမည့် အနာဂတ်တွင်လည်း    နိုင်ငံနှင့် လူမျိုးအကျိုးအတွက် ဆက်လက် လက်တွဲပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက်   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက  မုဒိတာစကား ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်၊ မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို) နာယက ဦးချမ်းသာ၊ မြန်မာနိုင်ငံဟာသ ပညာရှင်များ အစည်းအရုံး အတွင်းရေးမှူး ဦးချစ်စုနှင့် မိုခါရန်ပုံငွေ ဘောလုံးပွဲနှင့် တေးဂီတဖျော်ဖြေပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းဦးတို့က   ဝမ်းမြောက် စကားပြောကြားကြသည်။

ထို့နောက် တက်ရောက်လာကြသူများအား လက်ဖက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အနုပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ဘောလုံး သမားဟောင်းများနှင့် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။