ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မွေးမြူရေးလုပ်ငန်း များနှင့် ရေလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မွေးမြူရေးလုပ်ငန်း များနှင့် ရေလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တွေ  ဇွန်  ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့်  ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက် ၁၀ နာရီတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း   မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မွေးမြူရေးလုပ်ငန်းများနှင့် ရေလုပ်ငန်း များ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ယနေ့ကျင်းပသည့် အစည်းအဝေးသည် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မွေးမြူရေးလုပ်ငန်းများနှင့် ရေလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖြစ်ကြောင်း၊ မုန်တိုင်းဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက်ခန့်အပ် တာဝန်ပေးထားသည့် တပ်မတော်အရာရှိကြီးများလည်း Online စနစ်ဖြင့် အစည်းအဝေးသို့ တက်ရောက်ကြကြောင်း၊ မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ရေလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန်လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အကူအညီ များအပြင် ထောက်ပံ့ကူညီ ပံ့ပိုးပေးစေလိုသည်များကို ပွင့်လင်းစွာ ရှင်းလင်းဆွေးနွေး တင်ပြကြစေ လိုကြောင်း၊ မုန်တိုင်းဒဏ်သင့် ဒေသများအတွင် ရိက္ခာများဖူလုံစေရန် စီမံဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ရေလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ သွက်လက်မြန်ဆန်စွာ ပြန်လည်စတင်နိုင်ရန်   ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရမည်ဖြစ်ပြီး ရေတိုရေရှည်နှင့် ဦးစားပေးဆောင်ရွက်ရမည့် အစီအမံများချမှတ်ကာ ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက မိုခါမုန်တိုင်း တိုက်ခတ်မှု ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မွေးမြူရေးလုပ်ငန်းများဖြစ်သော အသားစားကြက်၊  ဥစားကြက်၊  ဆိတ်၊ နွားမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ပတ်သက်သည့်  ပုစွန်ကဏန်းပျော့၊ ငါးနှင့်ပုစွန်မျိုး သားပေါက် မွေးမြူရေး စသည့်လုပ်ငန်းများတွင် ပျက်စီးဆုံးရှုံးမှုများအပေါ် ကူညီပံ့ပိုးပေးစေလိုသည့် အခြေအနေ များအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ် ဝန်ကြီးချုပ်ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်  ဦးတင်ထွဋ်၊  ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်သည့်  စာရင်းဇယားများ  တိကျမှန်ကန်စွာပြုစုတင်ပြရန်နှင့်  ဆက်လက် ဆောင်ရွက်လိုသည့် အစီအမံများကို တစ်ပါတည်း ပြုစုတင်ပြပေးကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်များ အချင်းချင်း ပေါင်းစည်း  ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခေတ်နှင့်အညီ နည်းပညာများအသုံးပြု၍ ဆောင်ရွက်ရန် လိုကြောင်း ဖြည့်စွက်ဆွေးနွေး ကြသည်။

ယင်းနောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍  ပျက်စီး ဆုံးရှုံးမှုများအတွက် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဆောင်ရွက် နိုင်သည်များကို ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့်လည်း စိစစ်မှုများပြုလုပ်ကာ လိုအပ်သည်များ ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်၍ ငါးဖမ်းလုပ်ငန်းများတွင်လည်း ပျက်စီးဆုံးရှုံးသွားသည့် လှေ၊ ငါးဖမ်းပစ္စည်းများအား ပြန်လည်ပြုပြင်နိုင်သည်များကို အမြန်ဆုံးပြုပြင်ပြီး လုပ်ငန်းခွင်အမြန်ဆုံး ပြန်လည် ဝင်ရောက်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် အလုံးစုံပျက်စီးသွားသည့် လုပ်ငန်းသုံးပစ္စည်းများကို စိစစ်ပြီးထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အခက်အခဲများရှိပါက တင်ပြဆောင်ရွက် သွားကြရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မွန်းလွဲပိုင်းတွင်  ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်လွှတ်တော်သို့ ရောက်ရှိကြပြီး  မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့်  ပြည်နယ်လွှတ်တော်အစည်း အဝေးခန်းမ၊ ဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာ သက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီးများသည် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံး၌ ကျင်းပသည့်  သဘာဝဘေးပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)