မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၃)သို့ တက်ရောက်အမှာစကား ပြောကြား

မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၃)သို့ တက်ရောက်အမှာစကား ပြောကြား

နေပြည်တော်  ဇွန်  ၂၁

    မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၃) ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ညီလာခံခန်းမ၌ ျင်းပရာ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက် အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊  ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

    ဦးစွာ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ယခုအစည်းအဝေးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပထမအကြိမ် ကျင်းပသည့် အစည်းအဝေး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့(WTO)နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(WIPO)တို့၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်နှင့်အညီ နိုင်ငံတကာ အဆင့်မီသည့် မူပိုင်ခွင့် စနစ်တစ်ရပ် တည်ထောင်နိုင်ရန် လိုအပ်ပါကြောင်း၊ အဆိုပါ လိုအပ်ချက်နှင့် အညီ ၂၀၁၉ ခုနှစ်တွင်  မူပိုင်ခွင့်ဥပဒေ(၄) ရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့်  စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဖြစ်ကြောင်း။

    မူပိုင်ခွင့်ဥပဒေ (၄)ရပ်အနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို  ယခုနှစ် ဧပြီ ၁ ရက်က အာဏာတည်ခဲ့ပြီး အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို တရားဝင်လက်ခံ၍ ယခုနှစ် ဧပြီ ၂၆ ရက်မှစတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေအကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့က မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက်နည်းဥပဒေများ၊  လုပ်ထုံးလုပ်နည်းနှင့် အမိန့်ကြော်ငြာစာများကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မူပိုင်ခွင့်ဥပဒေ ၄ ရပ်အနက် ဆက်လက်ဆောင်ရွက်ရမည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့် ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေတို့ကို အာဏာတည်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

    မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီတွင် မူပိုင်ခွင့် ဆိုင်ရာ ပညာရှင်များကိုလည်း ရွေးချယ်ပြီး ဖြစ်သည့်အတွက် ထည့်သွင်းဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့် ဆိုင်ရာ အေဂျင်စီကို ဖွဲ့စည်းထားပြီးဖြစ်သည့် အတွက် မူပိုင်ခွင့်ဥပဒေများပါ အခန်း ၄၊ ပုဒ်မ ၈ အရ အေဂျင်စီ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအနေဖြင့် နိုင်ငံတော်၏ မူပိုင်ခွင့်စနစ် တည်ထောင်ရာတွင် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သည့်အတွက် လိုအပ်သည့် ကဏ္ဍများအလိုက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။

  ထို့ပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့နှင့် ကမ္ဘာ့မူပိုင်ခွင့် အဖွဲ့တို့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကုန်သွယ်ရေးနှင့် စပ်လျဉ်းသည့် မူပိုင်ခွင့်ဆိုင်ရာ စာချုပ်ကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်ကိုလည်း ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊  အာဆီယံ စီးပွားရေး အသိုက်အဝန်း တည်ဆောက်ရာတွင် အာဆီယံ ဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခြင်းကို အခြားအဖွဲ့ဝင်နိုင်ငံများ နည်းတူ လိုက်ပါဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်စည် စီးဆင်းမှုများ တိုးတက်စေရန်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပြုနိုင်သည့် မူပိုင်ခွင့်စနစ်များကို မိမိတို့ထက် ဆောလျင်စွာဖော်ဆောင် ကျင့်သုံးနေကြပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လည်း အခြားသော အဖွဲ့ဝင်နိုင်ငံများနှင့် တန်းတူရင်ပေါင်တန်း ဆောင်ရွက်ရန်ကြိုးပမ်း ဆောင်ရွက်ကြရန်ကိုလည်း   တိုက်တွန်း လိုကြောင်း၊ ထို့ပြင် အာဆီယံဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအနက် မူပိုင်ခွင့်ဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်များသို့ ဝင်ရောက်ခြင်း လုပ်ငန်းစဉ်တွင်လည်း အခြားနိုင်ငံများ နည်းတူ ပါဝင်နိုင်ရေးပြင်ဆင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

   ယခုဖွဲ့စည်းထားသည့်  မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီတွင် ပါဝင်သည့် တာဝန်ခံ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့်  နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင် အထောက် အကူဖြစ်စေသည့် မူပိုင်ခွင့်အကာအကွယ်ပေးခြင်း စနစ်တစ်ရပ်ကို ဖော်ဆောင်ကျင့်သုံးရာတွင် မိမိတို့နှင့် သက်ဆိုင်သည့် အခန်းကဏ္ဍများကနေ   ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

   ထို့နောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ  ပြည်ထောင်ဝန်ကြီး  ဦးအောင်နိုင်ဦးက ဝန်ကြီးဌာနအနေဖြင့်   မူပိုင်ခွင့်ကဏ္ဍ တိုးတက်ရေး ဆောင်ရွက်နေမှု၊ မူပိုင်ခွင့်ဥပဒေများ အတည်ပြုပြဋ္ဌာန်းခဲ့မှု၊ သက်ဆိုင်ရာဌာနများမှ  နည်းဥပဒေများ  ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခဲ့မှု၊ မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်များ ခန့်အပ်သွားမည့် အခြေအနေ၊ မူပိုင်ခွင့် အေဂျင်စီဖွဲ့စည်းထားရှိမှု၊ မူပိုင်ခွင့်များလျောက်ထားလာမှုနှင့် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံအနေဖြင့် မူပိုင်ခွင့်နှင့် ပတ်သက်၍ အနာဂတ်ကာလတွင်   နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းတင်ပြသည်။

    ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင်က မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ(၂/၂၀၂၂)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

    ဆက်လက်၍  ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဆိုင်ရာ အမှာစာများကို အစည်းအဝေးသို့ ဖတ်ကြား ရှင်းလင်းတင်ပြသည်။

    ထို့နောက်   ဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ဝါဝါမောင်၊ ဦးရဲတင့်၊ ဒေါက်တာအောင်ကြီး၊ ဦးရင်မောင်ညွန့်၊   ဒေါက်တာဇော်မြင့်၊ ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် မူပိုင်ခွင့် ဆိုင်ရာများ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

   ယင်းနောက် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ( ၁/၂၀၂၃)အစည်းအဝေး ဆုံးဖြတ်ချက် (မူကြမ်း)ကို အတည်ပြုသည်။

ဆက်လက်၍ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။