၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ဇွန်  ၂၂

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်အားပေးသည်။ 

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊   မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ဦးရန်ကျော်၊  ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယခုကျင်းပသည့် ဝန်ကြီးဌာန ပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲသည်  တက္ကသိုလ်လက် ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ ဆိုသည့်ဦးတည်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ထူးချွန်ထက်မြက်သည့် တက္ကသိုလ်ကျောင်းသား အားကစားသမားများကို ရွေးချယ်လေ့ ကျင့်ပြီး ASEAN University Games (AUG) ဟုခေါ်သည့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြ မည်ပင်ဖြစ်ကြောင်း။

 ဘောလုံးအားကစားမှသည် မိမိတို့၏ တစ်ကိုယ်ရည်ကြံ့ခိုင်ပြီး ကျန်းမာရေးကောင်း ကျိုးကိုရရှိစေ နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ကောင်းကျိုးမှ တစ်ဆင့်အသင်းအဖွဲ့နှင့် ကစားရသည့်အတွက် အချင်းချင်း စည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် စည်းလုံးရေးစိတ်ဓာတ်ကို ရရှိစေမည် ဖြစ်သည့်အပြင် ထူးချွန်သည့် ဘောလုံးအားကစားသမားများကိုလည်း လာမည့် ၂၀၂၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် (၂၁)ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် ဘောလုံးလက်ရွေးစင်အားကစားသမားများ အဖြစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအဆင့်မှ နိုင်ငံတော်အဆင့်၊ အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်မှသည် ကမ္ဘာ့အဆင့်အထိ ထိုးဖောက်နိုင် စေရေး ရည်မှန်းချက်ထား၍ မလျော့သော ဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ကြိုးပမ်းအားထုတ် သွားကြရန် အလေးအနက် တိုက်တွန်းပြောကြား၍ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များမှ ပြိုင်ပွဲဝင်အသင်းများက အားကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ကြသည်။

ဆက်လက်၍ အခြေခံပညာကျောင်းသား ကျောင်းသူလေးများက ဘင်ခရာ၊ ပန်းပွား အကများဖြင့် သရုပ်ဖော်ဖျော်ဖြေတင်ဆက်ကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် အဖွင့်ပွဲစဉ်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(က) အသင်းတို့ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြသည်။

ယနေ့ပြိုင်ပွဲတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန(က) အသင်းကသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို ၅ ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲ၌ အုပ်စု(က)တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနအသင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန(က)အသင်း၊ ပညာရေးဝန်ကြီးဌာန(ခ)အသင်း၊ နယ်စပ် ရေးရာ ဝန်ကြီးဌာနအသင်း၊ အုပ်စု(ခ)တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်း၊ ကျန်းမာရေးဝန်ကြီးဌာနအသင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း၊  အုပ်စု(ဂ)တွင် ပညာရေးဝန်ကြီးဌာန(က)အသင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အသင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(ခ) အသင်းတို့ ပါဝင်ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)