နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး အမျိုးသားမြေ အသုံးချမှုကောင်စီ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး အမျိုးသားမြေ အသုံးချမှုကောင်စီ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား

နေပြည်တော်  ဇွန်  ၂၃

    အမျိုးသားမြေအသုံးချမှုကောင်စီ စတုတ္ထအကြိမ်အစည်းအဝေးကို    ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန   အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေ အသုံးချမှုကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့  အမျိုးသားမြေအသုံးချမှု ကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဒေါက်တာကံဇော်၊  ဦးခင်မောင်ရီ၊ ဦးမင်းနောင်၊  ဦးသောင်းဟန်နှင့် ဦးမျိုးမြင့်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမျိုးသားမြေအသုံး ချမှုကောင်စီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားမြေအသုံးချမှု ကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အမျိုးသား မြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်မြေအသုံးချမှု မူဝါဒနှင့်သက်ဆိုင်သည့်   ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၀၇/၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်၊ ဇွန် ၁၉ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၁၀၇/၂၀၂၂ တို့ဖြင့်ဖွဲ့စည်းခဲ့သည့်  အမျိုးသားမြေအသုံးချမှု ကောင်စီကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ယနေ့ကျင်းပသည့် အစည်းအဝေးသည် အမျိုးသား မြေအသုံးချမှုကောင်စီ  ပြင်ဆင်ဖွဲ့စည်းပြီးနောက် ပထမဦးဆုံး အစည်းအဝေးဖြစ်ကြောင်း၊ မြေယာသိမ်းဆည်းမှုများ၊ အငြင်းပွားမှုများ၊ တိုင်တန်းမှုများလည်း များပြားလာခဲ့ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ဖြေရှင်းရမည့် နည်းလမ်းများလည်း ရှုပ်ထွေးများပြားသည့်အတွက် မြေယာစီမံ အုပ်ချုပ်မှုတွင် အခက်အခဲများဖြစ်ပေါ်ခဲ့ကာ အကျိုးဆက်အနေနှင့်   နိုင်ငံတော်၏  ဖွံ့ဖြိုးတိုးတက်မှုများကို  အဟန့်အတားဖြစ်စေခဲ့ကြောင်း။

ထို့ကြောင့် ၂၀၁၂ ခုနှစ်မှစပြီး အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ပူးပေါင်းပြီး အမျိုးသားမြေ အသုံးချမှု မူဝါဒတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး အစည်းအဝေး(၃၉)ကြိမ်၊ နည်းပညာသင်တန်း(၂)ကြိမ်၊ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ(၅)ကြိမ် ကျင်းပကာ အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများမှ  ရလဒ်များနှင့် အကြံပြုဆွေးနွေးချက်များကို အခြေခံပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် အမျိုးသားမြေ အသုံးချမှုမူဝါဒကို အတည်ပြုထုတ်ပြန်ခဲ့ကြောင်း။

အမျိုးသားမြေအသုံးချမှု မူဝါဒသည် မြေယာနှင့်  အရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးပြုနိုင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူအများ မြေယာလုပ်ပိုင်ခွင့် ခိုင်မာရေး၊ တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်း မြေယာလုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ်နည်းများကို အသိအမှတ်ပြု  အကာအကွယ်ပေးရေး၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ ငွေကြေးအကုန်အကျ သက်သာမှုနှင့် လွတ်လပ်မှုရှိသော မြေယာအမှုအခင်းများ ဖြေရှင်းဆုံးဖြတ်သည့် လုပ်ငန်းစဉ်များ ထူထောင်ရေး၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့် မြေအသုံးချမှုစီမံခန့်ခွဲမှုတို့ ဖွံ့ဖြိုးတိုးတက်စေရေး၊ အမျိုးသားမြေဥပဒေ ရေးဆွဲပြီး တည်ဆဲမြေယာဥပဒေများကို သဟဇာတ ဖြစ်အောင် ဆောင်ရွက်ရေးတို့ကို ရည်ရွယ်ထားပြီး မူဝါဒလမ်းညွှန်ချက် အသေးစိတ်များ ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း။

၂၀၁၆ ခုနှစ် အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် မြေအသုံးချမှု မူဝါဒနှင့် သက်ဆိုင်သည့် ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှု ကောင်စီ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း။

အမျိုးသားမြေအသုံးချမှုကောင်စီ အနေဖြင့်  မြေယာအသုံးချမှုနှင့် စပ်လျဉ်းပြီး တည်ဆဲဥပဒေများနှင့် သဟဇာတဖြစ်သည့် အမျိုးသားမြေစီမံခန့်ခွဲမှု ဥပဒေရေးဆွဲပြုစုရေး၊ မြေအသုံးချမှုစီမံ အုပ်ချုပ်ရေးကိစ္စများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေနှင့် ပညာရပ်ဆိုင်ရာများ အကြံဉာဏ်များ ပေးနိုင်ရေး၊ စိုက်ပျိုးရေးမူဝါဒနှင့် စိုက်ပျိုး ရေးဖွံ့ဖြိုးမှု မဟာဗျူဟာတို့တွင် ပင်မလုပ်ငန်းစဉ်များ ချမှတ်ပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေး၊ မြေအသုံးချမှု စီမံကိန်းများ၊ မြေအသုံးချမှုဇုန်များ စနစ်တကျ ရေးဆွဲပြုစုနိုင်ရေး၊ မြေအရင်းအမြစ် သတင်းအချက်အလက်နှင့် မြေပုံများမှန်ကန်စေရေး၊ မြေအရင်းအမြစ်များ စီမံခန့်ခွဲရာတွင် စနစ်တကျဖြစ်စေရေးနှင့် ပြည်ထောင်စု နယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြေသယံဇာတ အရင်း အမြစ်များကို ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေးနှင့် ပြည်သူအများ မြေယာလုပ်ပိုင်ခွင့်ခိုင်မာရေးတို့အတွက် မြန်မာနိုင်ငံအမျိုးသား မြေပုံစနစ်ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ စိုက်ပျိုးရေး ဖွံ့ဖြိုးမှုမဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ၊ မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ၊ မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၊ အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မြေအသုံးချမှုကော်မတီများ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊  ယခုအခါ အမျိုးသားမြေ အသုံးချမှုမူဝါဒ(၂၀၁၆)ခုနှစ်ကို အခြေခံပြီး မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများသဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ Focal ဝန်ကြီးဌာနဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အမျိုးသားမြေဥပဒေတွင် ပါဝင်သင့်သောအခန်းများ(ပထမမူကြမ်း) “၂၀၂၂” ကို တင်ပြဆွေးနွေးခဲ့ပြီး အဆိုပါမူကြမ်းအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနတချို့ကလည်း သဘောထား မှတ်ချက်    ပြန်လည်ပေးပို့ထားပြီး ဖြစ်ကြောင်း။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ ပေးပို့လာသည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၁)နှင့် (၂)တို့တွင်ပါရှိသော “မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒသဘောတူညီချက်များ” အားအမျိုးသား မြေအသုံးချမှု မူဝါဒနှင့် အညီ အမျိုးသားမြေဥပဒေ(မူကြမ်း)ရေးဆွဲပြုစုရာတွင် ထည့်သွင်းရေးဆွဲနိုင်ရေး သက်ဆိုင်ရာ အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့်  မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီအနေဖြင့်  အလေးထားဆောင်ရွက်ပေးစေလိုကြောင်း။

လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်ပေးခြင်းများနှင့် စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အား မူဝါဒအဖြစ် သက်ဆိုင်ရာ အဖွဲ့အစည်း၊ ဌာနများအနေဖြင့် အလေးထား လိုက်နာဆောင်ရွက်စေလိုကြောင်း၊ အမျိုးသား မြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက်အဖွဲ့ဝင်များ အနေဖြင့် မိမိတို့၏ အခန်းကဏ္ဍအလိုက်၊ နေရာဒေသ အလိုက် ကျရာနေရာမှပါဝင်ပြီး ကြိုးပမ်း ထမ်းဆောင်ကြရန် ပြောကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှု ကောင်စီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က မြေယာမူဝါဒနှင့် စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်များ၊ ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် မြေယာမူဝါဒနှင့် စပ်လျဉ်းပြီး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊   ဝန်ကြီးဌာနများ အနေဖြင့် မြေယာနှင့်စပ်လျဉ်းပြီး လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ဦးစီးဌာနများအလိုက် ဌာနပိုင်မြေများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့်အချက်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြို့ရွာများ ခွင့်ပြုချက်မရှိဘဲ တိုးချဲ့ဆောင်ရွက်နေမှုကို ထိန်းသိမ်းဆောင်ရွက်ရမည့် အချက်များ၊ လမ်းမြေများပေါ်တွင် ကျူးကျော်မှုများအား ထိန်းသိမ်းဆောင်ရွက်ရမည့် အချက်များနှင့် အမျိုးသားမြေဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့် အချက်များကို  ရှင်းလင်းပြောကြားသည်။

ယင်းနောက် အမျိုးသားမြေ အသုံးချမှု ကောင်စီအတွင်းရေးမှူး    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက တတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို   ရှင်းလင်းတင်ပြသည်။

ထို့နောက်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု  အခြေအနေများ ကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာအကောင်အထည်ဖော်ဆောင်ရွက်ရေး နှင့်ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ၊  မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီနှင့် မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက  ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အမျိုးသားမြေ အသုံးချမှု ကောင်စီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက အမျိုးသားမြေ အသုံးချမှု ဥပဒေရေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊   မြန်မာနိုင်ငံ  အမျိုးသား မြေပုံစနစ်  အကောင်အထည်ဖော်ရေးနှင့် အမျိုးသားမြေ အသုံးချမှု ဥပဒေပေါ်ပေါက်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်နေမှု ကိစ္စရပ်များအပြင် ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်   မြေအသုံးချမှုနှင့် စပ်လျဉ်းသည့် စီမံခန့်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် မြေယာ မူဝါဒနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှု ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီးမြထွန်းဦးက   နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။