“လောဘအမှောင်” ဆို ငို ပြော ဇာတ်တော်ကြီး ဝတ်စုံပြည့် ဇာတ်တိုက် လေ့ကျင့်နေမှုအား ပြည်ထောင်စုဝန်ကြီး ဦးကိုကို ကြည့်ရှုစစ်ဆေး

“လောဘအမှောင်”  ဆို ငို ပြော ဇာတ်တော်ကြီး ဝတ်စုံပြည့် ဇာတ်တိုက် လေ့ကျင့်နေမှုအား ပြည်ထောင်စုဝန်ကြီး ဦးကိုကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၇

    အနုပညာဦးစီးဌာနမှ အနုပညာရှင် ဝန်ထမ်းများ၏ “လောဘအမှောင်” ဇာတ်တော် ကြီးဝတ်စုံပြည့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေပိုင်းက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ်(၃၅)ရှိ လေ့ကျင့်ရေးဇာတ်ရုံ၌    ဆောင်ရွက်သည်။

    ဝတ်စုံပြည့်ဇာတ်တိုက် လေ့ကျင့်နေမှုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးအောင်နိုင်ဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပြည်သူ့ဆက်ဆံရေးနှင့်  စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်စိုးသန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးသည်။

    လေ့ကျင့် ဇာတ်တိုက်မှုအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက စင်တင်အနုပညာဖြစ်သည့် ပြဇာတ်နှင့် ဇာတ်တော်ကြီးများ၏ အနှစ်သာရသည် အပြောပညာရပ်ဖြစ်ကြောင်း၊   စာပေ၏ အနှစ်သာရသည် အတွေးဖြစ်ကြောင်း၊  ရုပ်ရှင်၏အနှစ်သာရသည် လှုပ်ရှားမှုဖြစ်ကြောင်း၊ ထို့ကြောင့် ဇာတ်သဘင်၏ အပြောပညာရပ်ကို အလေးထား၍   လေ့ကျင့်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က   အကြံပြုဖြည့်စွက် ဆွေးနွေးကြသည်။

    ဖျော်ဖြေ  တင်ဆက်မှုများအပြီးတွင် တင်ဆက်ကပြသူ   အနုပညာရှင်ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဦးအောင်နိုင်ဦးတို့က ဂုဏ်ပြုဆုငွေများ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။