မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ယခုဘဏ္ဍာနှစ် နှစ်လခွဲကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိ

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ယခုဘဏ္ဍာနှစ် နှစ်လခွဲကာလအတွင်း အမေရိကန်ဒေါ်လာ သန်း  ၈၀၀ ကျော်ရှိ

မူဆယ်  ဇူလိုင်  ၁

    မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှာ ယခုဘဏ္ဍာနှစ် နှစ်လခွဲကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ပိုမိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကုန်သွယ်ရေးဝင်ငွေသည် ယခုဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၁၆  ရက်အထိ နှစ်လခွဲကာလအတွင်း ရရှိထားခြင်း ဖြစ်ပြီး ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၄၄၇ ဒသမ ၃၄၂ သန်းနှင့် သွင်းကုန်မှ အမေရိကန်ဒေါ်လာ ၃၆၂ ဒသမ ၂၇၁ သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၀၉ ဒသမ ၆၁၃ သန်းရှိကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်ကာလတူက မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၉၆ ဒသမ ၈၉၃ သန်းရှိသည့် အတွက် ယခုနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၁၂ ဒသမ ၇၂ သန်း ပိုမိုကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု အနေဖြင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၅၃၈ ဒသမ ၃၇၇ သန်း၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၇၂၈  သန်း၊  ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၀၁ ဒသမ ၁၇၇ သန်း၊ ကံပိုင်တည်နယ်စပ် ကုန်သွယ်ရေးစခန်းမှ   အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၁၁၁ သန်း၊ ကျိုင်းတုံနယ်စပ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၂ သန်းတို့ ဖြစ်ကြောင်း သိရသည်။