၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၊ မဲဆန္ဒရှင်ပြည်သူများ မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာဆန္ဒမဲပေး ရွေးချယ်

နေပြည်တော် နိုဝင်ဘာလ ၈

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီတွင် တစ်နိုင်ငံလုံး၌ တစ်ချိန်တည်း တစ်ပြိုင်တည်းကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်ကြသည်။

နေပြည်တော်၌လည်း မဲဆန္ဒရှင်ပြည်သူများသည် နံနက် ၆ နာရီမတိုင်မီ သက်ဆိုင်ရာမဲရုံအသီးသီးသို့   ရောက်ရှိကြပြီး COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းလမ်းညွှန်ချက်များနှင့် အညီ မဲပေးနိုင်ရေး တန်းစီနေရာယူကြသည်။

နံနက် ၆ နာရီတွင် မဲရုံမှူးများက မဲရုံဖွင့်လှစ်ကြောင်း ကြေညာသည်နှင့် တစ်ပြိုင်နက် ဆန္ဒမဲပေးရန် ရောက်ရှိနေကြသည့် ပြည်သူများက တာဝန်ရှိသူများထံမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နေရာများအတွက်   ရွေးချယ်ပေးရမည့် ဆန္ဒမဲလက်မှတ်များကို လက်မှတ်ထိုးထုတ်ယူပြီး လွတ်လပ်စွာလျှို့ဝှက် ဆန္ဒပြုကာ မဲပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

နေပြည်တော်ပြည်ထောင်စုနယ်မြေ အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်တို့ရှိ သက်ဆိုင်ရာမဲရုံများသို့ သွားရောက်၍    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ရှစ်နေရာနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်  နှစ်နေရာတို့အတွက် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထဲမှ မိမိတို့နှစ်သက်သည့် ပုဂ္ဂိုလ်များကို လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်ကြသည်။

နေပြည်တော်ပြည်ထောင်စုနယ်မြေ အတွင်းရှိ သီရိငါးမြို့နယ်နှင့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်တို့တွင် မဲရုံစုစုပေါင်း ၆၄၆ ရုံဖွင့်လှစ်ထားသည်။

မဲပေးမှုပြီးဆုံးချိန်တွင် မဲရုံမှူးများနှင့် အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့်သူများ ရှေ့မှောက်၌ မဲပုံးများကို ဖွင့်ဖောက်၍ ခိုင်လုံမဲနှင့် ပယ်မဲတို့ကို စနစ်တကျ ရွေးချယ်ရေတွက်ကြပြီး  သက်ဆိုင်ရာမှတ်တမ်းစာအုပ်များတွင် မှတ်တမ်းရေးသွင်းကြသည်။

ယခုရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်း၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၁၅ နေရာ အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၅၆၅ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၁ နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၇၇၉ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၆၁၂ နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၁၁၂ ဦး၊ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ၂၉ နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈၃ ဦး ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံကြသည်။

ယခုရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၈၇ ပါတီဝင်ရောက် ယှဉ်ပြိုင်ကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇၂၆၈၈၇၆ ဦးရှိကာ မဲရုံပေါင်း ၃၉၉၂၆ ရုံ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအသီးသီးမှ အရွေးချယ်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က   အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

အလားတူ  ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာမဲရုံများ၌ ကျန်းမာရေး သတ်မှတ်ချက် များနှင့်အညီ ပြည်သူများက ဆန္ဒမဲပေးခဲ့ကြသည်။  

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ယနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိကျင်းပရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲ

များပေးခဲ့ကြသည်။

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း မဲပေးပိုင်ခွင့် ရှိသည့်မဲဆန္ဒရှင် ၄၉၄၀၅၉၂ ဦးအတွက် မဲရုံပေါင်း ၅၄၄၇  ရုံဖွင့်လှစ်ထားရှိပြီး မန္တလေးခရိုင်    ခုနစ်မြို့နယ်အတွင်း၌ မဲဆန္ဒရှင် ၁၂၇၅၃၇၀ အတွက် မဲရုံပေါင်း ၆၇၉ ရုံဖွင့်လှစ်ထားရှိသည်။  မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နံနက်စောစော မဲရုံမဖွင့်မီ အချိန်ကတည်းကပင် သတ်မှတ်မဲရုံ အသီးသီးသို့   စိတ်ဝင်တစားလာရောက် စောင့်ဆိုင်းကာ မဲရုံစတင်ဖွင့်လှစ်သည်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်   ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ   Social Distancing ပုံစံဖြင့် စနစ်တကျ တန်းစီစောင့်ဆိုင်းပြီး မဲပေးခဲ့ကြသည်။

ယင်းနောက် သတ်မှတ်ထားသည့် ညနေ ၄ နာရီတွင် မဲရုံပိတ်သိမ်းပြီး မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များက မဲပုံးများကို သက်ဆိုင်ရာ ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ဖွင့်ဖောက်စစ်ဆေးကြပြီး စနစ်တကျ မှတ်တမ်းရေးသွင်းကြသည်။

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ပါတီပေါင်း ၁၉ ခုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၁၆ ဦးတို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၈ နေရာအတွက်   ၁၃၈ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၀ နေရာအတွက် ၄၁ ဦး၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ၁၃၂ ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၁၃၁ ဦးနှင့် တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် လေးဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ၄၄၆ ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့ကြကြောင်း သိရသည်။