ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂၁

ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်အတွင်းရှိ ယာယီရှင်းလင်း ဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှု အား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟို ချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာ မှုဖြစ်စေရန် စသည့်ရည်ရွယ်ချက်(၄)ရပ်ဖြင့် တည်ထားကိုးကွယ်ရေး ဆောင်ရွက်ခဲ့မှု၊ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးဆိုင်ရာ အချက်အလက်များနှင့် ဗုဒ္ဓဥယျာဉ်တော်  အတွင်းထည့်သွင်း တည်ဆောက် ထားရှိသည့် သာသနိက အဆောက်အဦများ၊ ကျောက် စာရုံစေတီတော်များ ဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်လာမည့် ရုပ်ပွားတော်မြတ်ကြီးနှင့် ကြီးမားကျယ်ပြန့်ပြီး ခမ်းနားထည်ဝါလှသည့် ဗုဒ္ဓဥယျာဉ်တော် သာသနာ့နယ်မြေကို တည်ဆောက်ခဲ့ရာတွင် ငွေအင်အား၊ လူအင်အား အများအပြားဖြင့် နေ့မနား၊ ညမအား ကြိုးစား၍ ဗုဒ္ဓဘာသာ သာသနာ ရောင်ဝါနေသို့ လင်းစေရေး ဆောင်ရွက်ခဲ့ရမှုများကို ရှင်းလင်းပြောကြားရာ၌ ရုပ်ပွားတော်မြတ်ကြီးဖြစ်လာမည့် စကျင်ကျောက်တော်ကြီး လက်ခံရရှိခဲ့မှုနှင့် အင်ဂျင် နီယာပိုင်းဆိုင်ရာ အသေးစိတ် တွက်ချက်မှုများ ဆောင်ရွက်ခဲ့ရမှု၊ စကျင်ကျောက်တော်ကြီးကို နေပြည်တော်သို့ ရောက်ရှိနိုင်ရေးအတွက် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့ကို အသေးစိတ်တွက်ချက်ဆောင်ရွက်၍ ကြိုးပမ်းသယ်ယူပင့်ဆောင်ခဲ့ရမှု၊ နေပြည်တော်သို့ ပင့်ဆောင်နေချိန်နှင့် တစ်ပြိုင်တည်း၌ပင် နေပြည်တော်သို့ ရောက်ရှိ ပြီးချိန်၌ စတင်ထုဆစ်မည့်နေရာ၊ ထုဆစ်ပြီးချိန်တွင် တည်ထားကိုးကွယ်မည့်နေရာနှင့် သာသနိက အဆောက်အဦများ ထည့်သွင်းဆောင်လုပ်နိုင်ရေး တို့အတွက်ကိုလည်း နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဟန်ချက်ညီဖြစ်အောင် ဆောင်ရွက်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ်ကြီးကို အပိုင်း ၄ ပိုင်းဖြင့် ခွဲ၍ ထုဆစ်ပုံဖော်နိုင်ရေး စီမံဆောင်ရွက်ခဲ့ပြီး ခေတ်မီ CNC နည်းပညာအသုံးပြု၍ အဆင့်ဆင့် ထုဆစ်ပုံဖော်ဆောင်ရွက်ခဲ့ကာ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်တွင် ထုဆစ် ခြင်းလုပ်ငန်းများအားလုံး ပြီးစီးခဲ့မှု၊ ထို့နောက် ရုပ်ပွားတော်မြတ်ကြီး၏အပိုင်းများကို တွဲဆက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့မှုနှင့် တစ်ချိန်တည်း၌ပင် ကျောက်စာရုံ စေတီ စုစုပေါင်း ၇၂၀ ဆူကိုလည်း တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ရုပ်ပွားတော်မြတ်ကြီး၏အပိုင်းများကို တွဲဆက်ပြီးနောက် ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့မှုနှင့် စေတနာရှင် ရဟန်း၊ ရှင်လူ၊ မိဘ ပြည်သူများ လှူဒါန်းထားသည့် ဌာပနာတော်များ ထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားများကို ကျင်းပ ပြုလုပ်ခဲ့မှု၊ ရုပ်ပွားတော်မြတ်ကြီးအား ပိဋကတ်တော်လာ အချက်အလက်များနှင့် ညီညွတ် ပြည့်စုံစေရေးအတွက် ဥဏ္ဏလုံ မွေးရှင်တော်ဓာတ်စီ သွင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပခဲ့မှု၊ သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု မှတ်တမ်းများ၊ ရုပ်ပွားတော်မြတ်ကြီး တည် ထားကိုးကွယ်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊ ဆင်းတု တော်နှင့် ပလ္လင်တော်ထုဆစ်ခြင်း လုပ်ငန်းတိုးတက်မှု မှတ်တမ်းများ၊ ရင်ပြင်တော် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု မှတ်တမ်းများ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့် ဗုဒ္ဓဥယျဉ်တော်ကြီး တည်ဆောက်ရေးလုပ်ငန်းများအားလုံး ပြီးစီးသည့် အချိန်တွင် မြင်တွေ့ရမည့် အခြေအနေများကို Powerpoint Presentation များ၊ မှတ် တမ်း Video ဖိုင်များ၊ အထူးပြုလုပ်ချက်များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေက ဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချ အခမ်းအနားများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်အဆင့် စည်ကားခမ်းနားစွာ ပြုလုပ်သွား မည်ဖြစ်ကြောင်း၊ အနေကဇာတင် လှူပူဇော်ပွဲ အခမ်းအနား၌ ပြည်ပနိုင်ငံ ၉ ခုမှ သံဃာတော်အပါး ၇၀ ကျော်သည်လည်း တက်ရောက်အနေကဇာတင်မည်ဖြစ်ပါကြောင်းနှင့် မဟာမင်္ဂလာအခမ်းအနားကြီး ကျင်းပနေမှုများကို ပြည်သူလူထုတစ်ရပ်လုံး ကြည့်ရှု ကုသိုလ် ပွားနိုင်ရေးအတွက်လည်း နိုင်ငံပိုင်ရုပ်မြင်သံကြား Channel များမှ  တိုက်ရိုက်  ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှု များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည်ရှင်းလင်းပြောကြားခဲ့ ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများမှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ် တည်ဆောက်ခြင်းအတွက် ကြည်ညိုသဒ္ဒါတရားပွားများစွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ရာ ဗိုလ်ချုပ် ဇော်မင်းထွန်းက လက်ခံရယူသည်။

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်မှုနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်း ဌာနများ၊ ပြည်ပသတင်းဌာနများမှ သတင်းထောက်များ၊ မြန်မာနိုင်ငံ ဓာတ်ပုံဆရာ များအသင်းမှ ဓာတ်ပုံပညာရှင်များ လာရောက်သတင်းရယူခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲ အပြီးတွင် တက်ရောက်လာကြသူများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်ကြည့်ရှုဖူးမြော်ကြရာ တာဝန်ရှိသူများကလိုက်လံ ရှင်းလင်း ပြသခဲ့ကြကြောင်းနှင့် စိတ်ဝင်တစား လေ့လာဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။