Core ပေါင်း ၅၄ သန်းပါဝင်ပြီး ကမ္ဘာ့အမြန်ဆုံးစွမ်းအားမြင့်ကွန်ပျူတာဖြစ်လာတဲ့ Condor Galaxy-1

Core ပေါင်း ၅၄ သန်းပါဝင်ပြီး ကမ္ဘာ့အမြန်ဆုံးစွမ်းအားမြင့်ကွန်ပျူတာဖြစ်လာတဲ့ Condor Galaxy-1

အဘူဒါဘီအခြေစိုက် နည်းပညာကုမ္ပဏီလုပ်ငန်းစုဖြစ်တဲ့ G42 က ကမ္ဘာ့အမြန်ဆုံးဖြစ်တဲ့ စွမ်းအားမြင့် ကွန်ပျူတာတစ်မျိုးကို ထုတ်ဖော်ပြသလိုက်ပါပြီ။

သူ့ရဲ့နာမည်ကိုတော့ Condor Galaxy-1 လို့ပေးထားပြီး သူ့မှာ Core ပေါင်း ၅၄ သန်းအထိပါဝင်ကာ အမြန်နှုန်းအားဖြင့် 4 exaflop အထိရှိတယ်လို့ သူတို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ထားပါတယ်။

စွမ်းအားမြင့်ကွန်ပျူတာ   Condor Galaxy-1 တည်ရှိရာနေရာက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် ဆန်တာကလဲရာမြို့မှာပါ။ သူ့ကိုတော့ အမေရိကန်အခြေစိုက် အသိဉာဏ်တု ကုမ္ပဏီဖြစ်တဲ့ Cerebras က အမေရိကန်ဥပဒေများနဲ့အညီ အသုံးပြုလည်ပတ်သွားမယ်လို့ ဆိုပါတယ်။

ယနေ့အချိန်အခါမှာ အသိဉာဏ်တုနည်းပညာက  နည်းပညာအားလုံးရဲ့ ဗဟိုချက်မအဖြစ် တည်ရှိလာပါပြီ။ ဒီလိုအချိန်မှာ စွမ်းအားမြင့်ကွန်ပျူတာများကို လိုအပ်ချက်ကလည်း အလွန်မြင့်တက်လာပါတယ်။

အထူးသဖြင့်တော့ စီးပွားရေးလုပ်ငန်းစုတွေ အနေနဲ့ သူတို့ရဲ့စီးပွားရေးလုပ်ငန်းများအတွက် စံပြုပုံစံများကို လေ့ကျင့်မှုတွေ ပြုလုပ်ပေးရမှာပါ။  ဒါ့အပြင်  အသိဉာဏ်တုကို အသုံးပြုနိုင်မှုက ဒီထက်မကပါဘူး။

မိုက်ခရိုဆော့(ဖ်)ကဲ့သို့  နည်းပညာကုမ္ပဏီကြီးအများအပြားက ကိုယ်ပိုင်စွမ်းအားမြင့်ကွန်ပျူတာများကို တည်ဆောက်ပြီး အဲဒီစွမ်းအားမြင့်ကွန်ပျူတာများမှာ အလုပ်လုပ်မယ့် တခြားကုမ္ပဏီများကို ငှားရမ်းပေးလေ့ ရှိပါတယ်။

အဘူဒါဘီအခြေစိုက် G42 ဆိုတာကလည်း နည်းပညာနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တီထွင်ဆန်းသစ်မှုတွေ လုပ်ဆောင်နေတဲ့ကုမ္ပဏီပါ။ အဓိကအားဖြင့် အနာဂတ်ကမ္ဘာအတွက် အဓိကလိုအပ်တဲ့ အခြေခံ အဆောက်အအုံကို ဖန်တီးဖို့ရည်မှန်းထားပါတယ်။

ဒါ့အပြင်    သူတို့လိုချင်တဲ့ အနာဂတ်မျှော်မှန်းချက်အတွက် နိုင်ငံများ၊ စီးပွားရေးလုပ်ငန်းများနဲ့    အတူလက်တွဲပူးပေါင်း ဆောင်ရွက်နေတာပါ။

အခုလက်ရှိမှာတော့ ယနေ့ခေတ်လူသားများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြီးမားဆုံးပြဿနာများကို ဖြေရှင်းရာမှာ ကူညီပေးနိုင်ဖို့အတွက် Condor Galaxy စနစ်အသုံးပြု စွမ်းအားမြင့်ကွန်ပျူတာများကို   တည်ဆောက်နေပါတယ်။ ဒီနေရာမှာ Condor Galaxy စနစ်က ဘာလဲဆိုတာကို သိရှိဖို့ လိုအပ်လာပါပြီ။

နည်းပညာကုမ္ပဏီအများအပြားက အသိဉာဏ်တုရဲ့ စံပြုပုံစံများရဲ့ ဦးနှောက်များလို့ တင်စားခေါ်ဝေါ်ထိုက်တဲ့ Graphic Processing Unit (GPU)များကို ကြီးမားလှတဲ့ အတိုင်းအတာနဲ့ များပြားလှတဲ့ ပမာဏတို့နဲ့ ဖန်တီးနေပြီလို့ ထုတ်ပြန်ထားကြပါတယ်။

သေးငယ်လှတဲ့ ထောင်ပေါင်းများစွာသော့ GPU များ အသုံးပြုပြီး စံပြုပုံစံတစ်မျိုးတည်းအပေါ် အခြေခံလုပ်ဆောင်ခြင်းက လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှု အနည်းငယ်သာရှိတဲ့ လူများစွာအနေနဲ့ အချိန်များစွာကို ကုန်စေပါတယ်လို့ အမြန်ဆုံးသော စွမ်းအားမြင့်ကွန်ပျူတာကို တည်ဆောက်နိုင်ရေးအတွက် လုပ်ဆောင်နေတဲ့ G42 ကုမ္ပဏီနဲ့   တွဲဖက်လုပ်ငန်းဆောင်ရွက်နေသူ Cerebras Systems ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် အန်ဒရူးဖဲ့မန်းက ပြောပါတယ်။

ဒီအတွက်ကြောင့် အန်ဒရူးဖဲ့မန်းနဲ့အဖွဲ့ဟာ စွမ်းအားမြင့်ကွန်ပျူတာတစ်လုံးတည်းအပေါ် မူတည် အသုံးပြုခြင်းအစား တစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတဲ့  အသိဉာဏ်တုစွမ်းအားမြင့် ကွန်ပျူတာများကို တည်ဆောက်ခဲ့တာပါ။ အဲဒီစနစ်က အသိဉာဏ်တု စံပြုပုံစံကို လေ့ကျင့်ပေးမှုအချိန် သိသိသာသာ ကျဆင်းစေပါတယ်။

ဒီလိုမျိုးနည်းလမ်းအားဖြင့်  အသုံးပြုတည်ဆောက်ရာမှထွက်ပေါ်လာတဲ့ အသိဉာဏ်တုစံပြုပုံစံများကို လူတစ်ဦးတစ်ယောက်တည်းကနေ ထိန်းချုပ်အသုံးပြုနိုင်တဲ့အပြင် ကြာမြင့်ချိန်ကလည်း မိနစ်ပိုင်းမျှသာရှိပါတယ်။

 ထိုသို့သောစွမ်းဆောင်ရည်များ၊ နည်းပညာများနဲ့တည်ဆောက်ထားတဲ့ Galaxy Systemကို စုပေါင်းအသုံးပြု လိုက်မယ်ဆိုရင်  သူ့ရဲ့အမြန်နှုန်းက  36 Exaflops အထိရှိလာစေမှာပါ။ ဒီပမာဏနဲ့ အမြန်နှုန်းဆိုတာ ယနေ့ခေတ် ကွန်ပျူတာလောကမှာ ကြားတောင်ကြားဖူးမှာမဟုတ်တဲ့ အမြန်နှုန်းဖြစ်ပါတယ်။

Cerebras နဲ့ G42 တို့က နောက်ထပ်စွမ်းအားမြင့်ကွန်ပျူတာနှစ်မျိုးဖြစ်တဲ့ CG-2 နဲ့ CG-3 ကို တပ်ဆင်ဖို့ အတွက်လည်း ပြင်ဆင်နေပါတယ်။ အချိန်ကာလအားဖြင့် ၂၀၂၄ ခုနှစ်အတွင်းမှာဖြစ်မှာပါ။ အဲဒီအချိန်အတောအတွင်း လက်ရှိတည်ဆောက်ပြီးစီးသွားတဲ့ CG-1 ကို Cloud ကွန်ပျူတာအဖြစ် အသုံးပြုသူများကို ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

CG-1 ကိုအသုံးပြုဖို့အတွက် ရှုပ်ထွေးလှတဲ့ Programming Language များ အသုံးပြုဖို့ မလိုအပ်ပါဘူး။ အဲဒီအတွက် GPU များပေါ်မှာ လုပ်ငန်းဆောင်ရွက်နိုင်စေဖို့ အချိန်အနည်းငယ်မျှသာ လိုအပ်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့  သူတို့ရဲ့ကမ္ဘာ့အမြန်ဆုံး စွမ်းအားမြင့်ကွန်ပျူတာက ကျန်းမာရေး၊ စွမ်းအင်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ကူညီပေးနိုင်လိမ့်မယ်လို့ G-42 နဲ့ Cerebras  တို့က ယုံကြည်ထားကြပါတယ်။                    

Ref: IE