နှစ်သောင်းတန်ငွေစက္ကူကို အမှတ်တရအနေနဲ့ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းများ နေရာမှာ အစားထိုး လဲလှယ်ပေးခြင်းဖြစ်တဲ့ အတွက် ယခုလိုအထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူ ထုတ်ဝေခြင်းကြောင့်တော့ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်

“နှစ်သောင်းတန်ငွေစက္ကူကို အမှတ်တရအနေနဲ့ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းများ နေရာမှာ အစားထိုး လဲလှယ်ပေးခြင်းဖြစ်တဲ့ အတွက် ယခုလိုအထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူ ထုတ်ဝေခြင်းကြောင့်တော့ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ပါဘူး” 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးစီမံခန့်ခွဲမှုဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်

 

   ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဆင်ဖြူတော် ရုပ်ပုံပါ နှစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားအသစ်  ထုတ်ဝေခြင်းနှင့် စပ်လျဉ်း၍ အများပြည်သူသိရှိစေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ငွေကြေးစီမံ ခန့်ခွဲမှုဌာနမှ   ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်အား သွားရောက်တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ     မြဝတီပရိသတ်များ သိရှိနိုင်ရန် ဖော်ပြလိုက်ရပါသည်-

မေး။  ။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ရခြင်း ရည်ရွယ်ချက်ကို သိရှိလိုပါတယ်။

ဖြေ။   ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပမှုအားပြသဖို့၊ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှုရဲ့ ဗဟိုချက်ဖြစ်စေဖို့၊ တိုင်းပြည်နဲ့ ကမ္ဘာကြီး ဖြစ်စေရန် ရည်ရွယ်တည်ဆောက်ထားတဲ့ “မာရဝိဇယ”ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့တွင် မွေးဖွားသန့်စင်သည့် ဆင်ဖြူတော် ရတနာ “ရဋ္ဌနန္ဒက” ရဲ့ တစ်နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ရည်ရွယ်ပြီး ငွေစက္ကူအမျိုးအစားအသစ် ထုတ်ဝေခြင်းဖြစ်ပါတယ်။

မေး။ ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ကို ဘယ်လိုထုတ်ပေးမယ်ဆိုတာကို ဖြေကြား ပေးစေလိုပါတယ်။

ဖြေ။ ကျွန်တော်တို့က “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နဲ့ ဆင်ဖြူတော်ရတနာ”ရဋ္ဌနန္ဒက” ရဲ့တစ်နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အနေနဲ့ ရည်ရွယ်ထုတ်ထားခြင်း ဖြစ်လို့   အရေအတွက် အကန့်အသတ်ဖြင့် ထုတ်ဝေသွားမှာဖြစ်ပြီး သတင်းထုတ်ပြန်ချက်မှာ ပါတဲ့အတိုင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနဲ့ မန္တလေးဘဏ်ခွဲတွေမှာ ဟောင်းနွမ်းငွေစက္ကူတွေကို လာရောက်လဲလှယ်တဲ့အခါ အမှတ်တရအနေနဲ့ နှစ်သောင်းကျပ်တန် ငွေစက္ကူ ၃ ရွက်ခန့်အား ထည့်သွင်းပြီး တန်ဖိုးတူပြန်လည် လဲလှယ်ပေးမှာဖြစ်ပါတယ်။

မေး။ အထိမ်းအမှတ်အဖြစ် ငွေကြေးထုတ်ဝေခြင်းကို အခြားသော နိုင်ငံများ၌ ထုတ်လေ့ရှိပါသလား။

ဖြေ။ ဒီလိုအထိမ်းအမှတ် ငွေစက္ကူနဲ့ဒင်္ဂါး (Commemorative Notes and Coins) များကို ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အထိမ်းအမှတ်ပွဲတွေ၊ အမှတ်တရဖြစ်မယ့် အရာများအတွက် အရေအတွက်အကန့်အသတ်နဲ့ ထုတ်ဝေလေ့ ရှိကြပါတယ်။ ဥပမာအားဖြင့် ကာတာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပခဲ့ပါတယ်။ ကမ္ဘာ့ဖလား အထိမ်းအမှတ်အဖြစ် ကာတာရီရိုင်ယယ် ၇၅ တန်ဖိုးရှိသော ငွေစက္ကူကို ထုတ်ဝေခဲ့ပါတယ်၊ ပိုလန်နိုင်ငံရဲ့ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒ ပညာရှင်ဖြစ်သူ Nicolaus Copernicus မွေးဖွားခြင်း နှစ်(၅၅၀)ပြည့်မြောက် အထိမ်းအမှတ်အဖြစ် ဇိုတီ ၂၀ တန်ဖိုးရှိသော ငွေစက္ကူကို ၉-၂-၂၀၂၃ ရက်နေ့တွင် ထုတ်ဝေခဲ့ပါတယ်၊ ဒီလိုဘဲ  ပါကစ္စတန်  နိုင်ငံတော်ဘဏ် တည်ထောင်ခြင်း(၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် အနေနဲ့ ရူပီး ၇၅ တန်ဖိုး ရှိသော ငွေစက္ကူကို ၁-၇-၂၀၂၃ ရက်နေ့တွင် ထုတ်ဝေခဲ့ပါတယ်၊ အလားတူ ဖိလစ်ပိုင်နိုင်ငံ ဗဟိုဘဏ်က ၂၀၂၁ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံမှာ  ခရစ်ယာန်ဘာသာ ရောက်ရှိသော နှစ် ၅၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ပီဆို ၅ç၀၀၀ ကိုထုတ်ဝေခဲ့ပါတယ်၊ ထို့အတူ ၂၀၂၀ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမှ  ၇၅  နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အင်ဒိုနီးယား ရူပီယား ၇၅ç၀၀၀ တန်ဖိုးရှိသော ငွေစက္ကူများကိုလည်း အမှတ်တရအနေနဲ့ ထုတ်ဝေခဲ့ကြောင်း လေ့လာတွေ့ရှိ ရပါတယ်။

မေး။ ဒီလို ၂၀၀၀၀ကျပ်တန် ငွေစက္ကူအသစ်များကို လဲလှယ်ထုတ်ပေးခြင်းက ငွေကြေးဖောင်းပွမှုကို ဖြစ်စေပါသလား။

ဖြေ။ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု လျော့နည်းကျဆင်းစေရန်နဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်စေရန်အတွက် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံတော် ဗဟိုဘဏ်   ငွေကြေးမူဝါဒရှိပါတယ်။ ဒါကတော့ တိုင်းပြည်ရဲ့ စီးပွားရေးကို ပိုမိုအထောက်အကူဖြစ်စေရန်နဲ့ နှစ်စဉ်လျာထားတဲ့ အမျိုးသားပြည်တွင်း ထုတ်ကုန် GDP ရည်မှန်းချက်နဲ့အညီ ငွေကြေး စနစ်အတွင်း ထားရှိသင့်တဲ့ သီးသန့်ငွေကြေးပမာဏအား တွက်ချက်ပြီး သတ်မှတ်ပမာဏ အတွင်းရောက်ရှိစေရန် ဆောင်ရွက်တဲ့ ငွေကြေးမူဝါဒဘောင်ကို အဓိကထား ဆောင်ရွက်လျက်ရှိပါတယ်။ စီးပွားရေးလုပ်ငန်းများကို ပိုမိုအရှိန်မြှင့် ဆောင်ရွက်နိုင်ဖို့ အတွက် ဘဏ်အတိုးနှုန်း မြှင့်တင်ခြင်းထက် စီးပွားရေးစနစ်အတွင်း ထားရှိသင့်တဲ့ သီးသန့်ငွေကြေးပမာဏကို    အတိုး/အလျော့ပြုလုပ်နိုင်တဲ့ ဘဏ်များက ဗဟိုဘဏ်တွင် ထားရှိရမည့် သီးသန့်ငွေကြေး

ပမာဏအချိုး (Reserve Requirement Ratio) မြှင့်တင်ခြင်း/လျော့ချခြင်းဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။  နိုင်ငံရဲ့ စီးပွားရေး စနစ်အတွင်းရှိ စုစုပေါင်း ငွေကြေး ပမာဏကို နှစ်စဉ်စဉ်ဆက်မပြတ် စောင့်ကြည့်စိစစ်လျက်ရှိပြီး၊ ရည်မှန်းချက်ပမာဏ အတွင်းတွင်သာရှိစေဖို့    ဒီပမာဏကို နှုတ်သိမ်းခြင်း၊ ထည့်သွင်းခြင်းတို့ကို အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အတန်အသင့်တင်းကြပ်သော ငွေကြေး မူဝါဒကို ကျင့်သုံးလျက်ရှိပါတယ်။ အလားတူ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက်လည်း ဘဏ်နဲ့ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းတွေကို နီးကပ်စွာကြီးကြပ် စစ်ဆေးခြင်း၊ ထိန်းကျောင်းပြုပြင်ခြင်းနဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ဒစ်ဂျစ်တယ်ပိုင်းအနေနဲ့ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်နဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုများ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အမျိုးသားငွေပေးချေမှု မဟာဗျူဟာနဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့ကြောင့် ပြောပြခဲ့တဲ့ ငွေကြေးမူဝါဒနည်းလမ်းတွေ၊ ငွေရေးကြေးရေး ကဏ္ဍတည်ငြိမ်စေဖို့ နည်းလမ်းများနဲ့ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု တိုးတက်စေဖို့ ဆောင်ရွက်မှုများကြောင့် နိုင်ငံ့စီးပွားရေး စနစ်အတွင်းမှာရှိတဲ့ ဘဏ်များမှာ အပ်နှံငွေတွေတိုးတက်လျက်ရှိသလို စီးပွားရေးလုပ်ငန်းများ အတွက် လိုအပ်သောချေးငွေများကိုလည်း တိုးတက် ထုတ်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် နိုင်ငံ့ စီးပွားရေး စနစ်အတွင်း လှည့်လည်သုံးစွဲငွေ (Currency in Circul) တွေလျော့နည်း ကျဆင်းကြောင်းကိုလည်း တွေ့ရပါတယ်။ (Currency in Circul) အတိုးမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ၄၈ ရာခိုင်နှုန်း ရှိခဲ့တဲ့နေရာမှ ၂၀၂၂ ခုနှစ်မှာ ၂၉ ရာခိုင်နှုန်း ကို လျော့ကျခဲ့တယ်။ ၂၀၂၃ မေလမှာ ၁၁ ရာခိုင်နှုန်းကို ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် ငွေကျပ်နှစ်သောင်းတန် ငွေစက္ကူကို အမှတ်တရအနေနဲ့ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းများ နေရာမှာ အစားထိုး လဲလှယ်ပေးခြင်းဖြစ်တဲ့အတွက်  ယခုလို အထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်း ကြောင့်တော့ ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ပါဘူး။ ဒါ့အပြင် နိုင်ငံခြားငွေ လဲလှယ်နှုန်းမှာ ငွေကြေးဖောင်းပွမှု မဖြစ်စေရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စောင့်ကြည့်လျက်ရှိပါတယ်။  နိုင်ငံခြားငွေ လဲလှယ်နှုန်း တည်ငြိမ်စေဖို့အတွက် အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ နေ့စဉ်နိုင်ငံခြားငွေ စီးဝင်မှု/စီးထွက်မှု အား နီးကပ်စွာ စောင့်ကြည့်စိစစ်လျက်ရှိတယ်။  ဈေးကွက်အတွင်း  နိုင်ငံခြားငွေ လိုအပ်ချက်များ ရှိလာပါက Financingပေးခြင်း၊ ရောင်းချပေးခြင်းနဲ့ နိုင်ငံခြားငွေ ဝယ်ယူထိန်းသိမ်းထားတဲ့ ဘဏ်များကို နိုင်ငံခြားငွေလိုအပ်သော သွင်းကုန်တင်သွင်းသူများနဲ့ စီးပွားရေး လုပ်ငန်းများထံသို့ ရောင်းချစေခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီအခြေအနေမှာ နိုင်ငံခြားငွေ လဲလှယ်နှုန်း အတက်အကျ တည်ငြိမ်နေကြောင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဦးစီးဆောင်ရွက်လျက်ရှိတဲ့  ဘဏ်များအကြား  Online  နိုင်ငံခြားငွေကြေး ဈေးကွက်မှာ တည်ငြိမ်နေတာကို တွေ့ပါတယ်။ Online နိုင်ငံခြားငွေကြေး ဈေးကွက် ဖြစ်ပေါ်နေတဲ့ Exchange Rateကို ကြည့်ပါကတည်ငြိမ်နေတာ တွေ့ရပါတယ်။  လိုအပ်တဲ့နိုင်ငံခြား ငွေကြေးဈေးကွက်မှာ  သွင်းကုန်တင်သွင်းသူများအတွက် လိုအပ်တဲ့နိုင်ငံခြားငွေ ရယူတဲ့သူတွေကိုလည်း ကျွန်တော်တို့က ဖြည့်ဆည်းပေးနိုင်တယ်။ လိုအပ်တဲ့ သွင်းကုန်များကိုလည်း သွင်းပေးနိုင်တာ ဖြစ်ကြောင်း တွေ့ရပါတယ်။ 

မေး။ ယခု အထိမ်းအမှတ်အဖြစ် ကျပ် နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းကို အကြောင်းပြုပြီး ကုန်စည်ဈေးနှုန်းကစားကာ  မဟုတ်မမှန်သော  နည်းလမ်းဖြင့် အကျိုးအမြတ်ရယူခြင်းများ ဆောင်ရွက်မှုကို ဘယ်လိုအရေးယူ ဆောင်ရွက်မလဲဆိုတာ သိလိုပါတယ်။

ဖြေ။ ယခုအထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းက နိုင်ငံ စီးပွားရေးစနစ်အတွင်း လှည့်လည်သုံးစွဲငွေ (Currency in CirculationCiC) အတွင်းသို့ ထည့်သွင်းခြင်း မဟုတ်ပါဘူး။  ဟောင်းနွမ်းငွေစက္ကူလာရောက် လဲလှယ်သူ တစ်ဦးလျှင် ဥပမာ- လူတစ်ယောက်က ငွေစက္ကူအဟောင်း ကျပ်သိန်း ၁၀၀ လာရောက် လဲလှယ်သူအား ငွေစက္ကူ အသစ် ကျပ်သိန်း ၁၀၀ ပြန်ပေးပါတယ်။ အဲဒီလိုပြန်ပေးတဲ့အခါမှာ အမှတ်တရအဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူ ၃ ရွက်သာ ထည့်သွင်း လဲလှယ်ပေးမှာဖြစ်ပါတယ်။   ဒါကလည်း   သက်ဆိုင်ရာငွေ အဟောင်းလဲတဲ့သူက သူသည် ကျပ်နှစ် သောင်းတန်ငွေစက္ကူ အသစ်လိုချင်ပါတယ်လို့ ပြောမှသာလျှင် ထည့်သွင်းလဲပေးမှာ ဖြစ်ပါတယ်။ သူတောင်းခံမှု မရှိဘူးဆိုရင် ငွေစက္ကူအဟောင်းကိုသာ ငွေစက္ကူအသစ်နဲ့ လဲလှယ်ပေးမှာဖြစ်ပါတယ်။  ဒီလိုလဲလှယ်ထားတဲ့ ဟောင်းနွမ်းငွေစက္ကူတွေကို ဖျက်ဆီးမယ့် ငွေစက္ကူစာရင်းထဲ ထည့်ပါတယ်။ အဲလိုထည့်ပြီးတော့ ငွေစက္ကူတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။  ဒါကြောင့် ကျပ်နှစ်သောင်းတန် ငွေစက္ကူများ ထုတ်ဝေခြင်းကြောင့် ငွေကြေးပမာဏ တိုးတက်မှု အခြေအနေမရှိပါဘူးလို့ ပြောလိုပါတယ်။ ဒီအခြေအနေမှာ အကြောင်းအမျိုးမျိုးပြပြီး ကုန်စည်ဈေးနှုန်းကို ဆွဲတင်ဖို့ လှုံ့ဆော်နေသူတွေ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းမြင့်တက် စေဖို့ဆောင်ရွက်နေသူများ အနေနဲ့ အများပြည်သူအကျိုးအတွက် ဒီလိုမျိုးမလုပ်သင့် ပါကြောင်းနဲ့ ပြည်သူအများရဲ့ အကျိုးစီးပွားကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်အောင် မဆောင်ရွက်သင့်ပါကြောင်း၊ အဲလိုမလုပ်ကြဖို့လည်း ကျွန်တော်တို့က မေတ္တာရပ်ခံ ပြောကြားလိုပါတယ်။

မေး။ ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန် ငွေစက္ကူအား ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ဝေသွားမည်လို့ သိရပါတယ်။ ဘဏ်မှာ   ဘယ်အချိန်က  စတင်ပြီး လာရောက်လဲလို့ ရနိုင်မည်လဲ။ အများပြည်သူ လဲလို့ရအောင် စီမံဆောင်ရွက်ထားတာမျိုး ရောရှိလား။

ဖြေ။ ဆင်ဖြူတော်ရုပ်ပုံပါတဲ့ နှစ်သောင်းကျပ်တန် ငွေစက္ကူတွေကို အထိမ်းအမှတ် အဖြစ် ဇူလိုင် လ(၃၁)ရက်နေ့မှာ ထုတ်ဝေမှာဖြစ်တဲ့အတွက်  မြန်မာနိုင်ငံတော် ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့များရှိ ငွေလဲကောင်တာတွေမှာ ဇူလိုင်လ (၃၁)ရက်နေ့မှစပြီး ရုံးဖွင့်ရက်များမှာ လာရောက် လဲလှယ်နိုင်ပါတယ်။ ဒါပေမဲ့ ဟောင်းနွမ်းငွေစက္ကူများ လာရောက်လဲလှယ်လိုတဲ့ လူပုဂ္ဂိုလ်တွေကိုသာလျှင် အမှတ်တရသိမ်းဆည်း ထားနိုင်ဖို့အများဆုံး ၃ ရွက်ခန့်သာ ထုတ်ဝေပေးသွားမှာဖြစ်ပါတယ်။ ဟောင်းနွမ်းစုတ်ပြဲ မဟုတ်ဘဲနဲ့ သာမန်ငွေ စက္ကူအသစ်နဲ့ လာရောက် လဲလှယ်မှုကိုတော့ လက်ခံလဲလှယ်ပေးမှာ မဟုတ်ပါဘူး။ ဟောင်းနွမ်းငွေစက္ကူကိုသာလျှင်   သူနဲ့ သင့်တဲ့တန်ဖိုးကို လဲလှယ်ပေးမှာဖြစ်ပါတယ်။

မေး။ အများပြည်သူမှ ဗဟိုဘဏ်ငွေလဲ ကောင်တာများသို့ ဟောင်းနွမ်းငွေစက္ကူများ လာရောက်လဲလှယ်တဲ့အခါ လိုအပ်တဲ့ အထောက်အထားများနဲ့ သတ်မှတ်ချက်များရှိပါက ရှင်းလင်း ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ပြည်သူများအနေနဲ့ ဟောင်းနွမ်းစက္ကူများ လာရောက်လဲလှယ်ပါက နိုင်ငံသား စိစစ်ရေးကတ်ပြား ယူဆောင်လာရန် လိုအပ်မှာဖြစ်ပါတယ်။  လူပုဂ္ဂိုလ်တစ်ဦးကို ဟောင်းနွမ်းငွေစက္ကူ ရွက်ရေ ၅၀၀ အထိ ကောင်တာဖွင့်လှစ်ချိန်အတွင်း  လက်ခံ လဲလှယ်ပေးသွားမှာဖြစ်ပါတယ်။ ပိုရှင်းလင်းအောင် ပြောရရင် ပြည်သူများအတွင်း လှည့်လည်သုံးစွဲနေတဲ့ ဟောင်းနွမ်းငွေစက္ကူ အများကြီးရှိပါတယ်။ အဲဒီဟောင်းနွမ်းငွေ

စက္ကူတွေကို    နီးစပ်တဲ့ ဘဏ်တွေမှာ ကောင်းမွန်တဲ့ ငွေစက္ကူများနဲ့ လဲလှယ် နိုင်ပါတယ်။ အဲဒီဟောင်းနွမ်းငွေစက္ကူတွေ လဲလှယ်တဲ့အခါမှာ ကျွန်တော်တို့ဗဟိုဘဏ်ကို လာရောက် လဲလှယ်တဲ့လူတွေကို အထိမ်းအမှတ်အနေနဲ့ ထုတ်ဝေတဲ့ ငွေကျပ်နှစ်သောင်းတန်ငွေစက္ကူကို အကန့်အသတ်အနေနဲ့ အများဆုံး ၃ ရွက်လောက်သာ ထည့်သွင်း လဲလှယ်ပေးမှာဖြစ်ပါတယ်။

မေး။ ဟောင်းနွမ်း ငွေစက္ကူများကို လဲလှယ်ပေးရာတွင် တန်ဖိုးတူ လဲလှယ်ပေးခြင်းနဲ့ ဆောင်ရွက်ပေးမယ်လို့   သိရပါတယ်။ တန်ဖိုးတူ လဲလှယ်ပေးခြင်း ဆိုတာ ဘယ်လိုလည်း ဆိုတာကို ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ တန်ဖိုးတူ လဲလှယ်ပေးတယ်ဆိုတာက အများပြည်သူတွေက ကျွန်တော်တို့ဆီ လာရောက်လဲလှယ်တဲ့ ဟောင်းနွမ်းငွေစက္ကူများကို ရွက်ရေတန်ဖိုး(အရွက်ရဲ့တန်ဖိုး) အလိုက် လဲလှယ်ပေးခြင်း မဟုတ်ပါဘူး။ လဲလှယ်တဲ့ငွေစက္ကူ စုစုပေါင်းရဲ့ ပမာဏတန်ဖိုးကို သူနဲ့သင့်တော်တဲ့ အခြားသော ငွေစက္ကူ အမျိုးအစားနဲ့ လဲလှယ်ပေးခြင်းဖြစ်ပါတယ်။

မေး။ လက်ရှိလှည့်လည် သုံးစွဲနေတဲ့ ငွေစက္ကူများနဲ့ ငွေအကြွေများကရော တရား ဝင် ငွေကြေးအဖြစ် ဆက်ရှိနေဦးမှာလား။

ဖြေ။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဥပဒေပုဒ်မ ၃၆-င မှာ နိုင်ငံတော်သည် တရားဝင် ထုတ်ထားသော ငွေကြေးများကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုလို့ အတိအလင်း ပြဌာန်းပြီးဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိလှည့်လည် သုံးစွဲနေတဲ့ ငွေစက္ကူများနဲ့ ငွေအကြွေများဟာ တရားဝင် ငွေကြေးအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်တယ်။

မေး။ ဆရာ့အနေနဲ့ ငွေကျပ်နှစ်သောင်း တန်ထုတ်ဝေခြင်းနဲ့ပတ်သက်ပြီး ဖြည့်စွက် ပြောချင်တာများရှိရင် ပြောပေးစေချင်ပါတယ်။

ဖြေ။ ငွေစက္ကူအသစ်ကို ကျွန်တော်တို့က အထိမ်းအမှတ်အနေနဲ့ အကန့်အသတ် ဖြင့်သာ လဲလှယ်ပေးမှာဖြစ်တဲ့အတွက် လူတိုင်းတစ်ယောက် တစ်ရွက်စီတော့ ရနိုင်မှာမဟုတ်ပါဘူး။  ဒီငွေစက္ကူအနေနဲ့က အထိမ်းအမှတ်အနေနဲ့  လဲတာဖြစ်တဲ့ အတွက်   မြန်မာနိုင်ငံတော် ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနဲ့ မန္တလေး ဘဏ်ခွဲမှာ ဟောင်းနွမ်းငွေ စက္ကူများနဲ့ လာရောက်ပြီး   လဲလှယ်နိုင်ပါတယ်။

ဒါကလည်း ကျွန်တော်ပြောသလို သတ်မှတ် လဲတဲ့ပမာဏနဲ့အညီ လဲပေးမှာမဟုတ်ဘဲ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းကို အများဆုံး ၃ ရွက်လောက်သာ ကျွန်တော်တို့က လဲပေးမှာဖြစ်ပါတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။