Tik Tok ကုမ္ပဏီက အမေရိကန်၌ e-Commerce လုပ်ငန်းကို ထူထောင်မည်

Tik  Tok ကုမ္ပဏီက အမေရိကန်၌ e-Commerce လုပ်ငန်းကို ထူထောင်မည်

Tik  Tok  ကုမ္ပဏီက အမေရိကန်ပြည်ထောင်စု၌ e-Commerce လုပ်ငန်းကို ထူထောင်မည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍  ရင်းနှီးသူများ၏ ပြောဆိုချက်ကို ကိုးကားကာ Wall Street Journal က ဇူလိုင် ၂၅ ရက်တွင်ထုတ် ပြန်ထားသည်။

Tik  Tok ကုမ္ပဏီသည် အဆိုပါ e-Commerce လုပ်ငန်းကို သြဂုတ်လတွင် စတင်ထူထောင် လုပ်ဆောင်သွားဖွယ်ရှိပြီး အဓိကအားဖြင့် တရုတ်ပြည်တွင်းဖြစ် ကုန်ပစ္စည်းများကို အမေရိကန်နိုင်ငံသို့ တင်သွင်းရောင်းချ သွားမည်ဖြစ်သည်။

ဗီဒီယိုအတိုလေးများ  တင်နိုင်သည့် ဝန်ဆောင်မှုကို ပေးအပ်နေသော Tik  Tok ကုမ္ပဏီသည် အမေရိကန်နိုင်ငံရှိ အခြား သော    တရုတ်နိုင်ငံသားပိုင် အွန်လိုင်းကုန်သွယ်ရေး လုပ်ငန်းများဖြစ်သည့် Shein နှင့် Temu တို့နည်းတူ  ယခုလုပ်ငန်းကို ထူထောင်ခြင်းဖြစ်သည်။

ယခုကဲ့သို့ e-Commerce လုပ်ငန်းကို ထူထောင်ရာတွင် Tik  Tok ကုမ္ပဏီသည် တရုတ်နိုင်ငံရှိ ကုန်ထုတ်လုပ်သူများနှင့် ကုန်သည်များကိုယ်စား ကုန်ပစ္စည်းများကို သိုလှောင်ထိန်းသိမ်းပေးခြင်းနှင့် စားသုံးသူ လက်ဝယ်အရောက် ပို့ဆောင်ခြင်း လုပ်ငန်းများကို အဓိကဆောင်ရွက် သွားမည်ဖြစ်သည်။

Tik  Tok ကုမ္ပဏီအနေဖြင့် အသုံးပြုသူများ၏ အချက်အလက်များကို ရယူနေသည် ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ အမေရိကန်အစိုးရ  တာဝန်ရှိသူများ၏ စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်နေရစဉ် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။