တရုတ်က လပေါ်ဆင်းသက်ခြင်း အတွက် တွန်းကန်အားမြင့် အင်ဂျင်ကို အောင်မြင်စွာ စမ်းသပ်နိုင်

တရုတ်က လပေါ်ဆင်းသက်ခြင်း အတွက် တွန်းကန်အားမြင့် အင်ဂျင်ကို အောင်မြင်စွာ စမ်းသပ်နိုင်

    တရုတ်နိုင်ငံက  လပေါ်ဆင်းသက်မည့် အာကာသလုပ်ငန်း တစ်ခုအတွက် တွန်းကန်အားမြင့် အင်ဂျင်ကို အောင်မြင်စွာ စမ်းသပ်လိုက်နိုင်ကြောင်း သိရသည်။

အဆိုပါအင်ဂျင်သည် Long March-10 အမျိုးအစား  သယ်ယူပို့ဆောင်ရေး ဒုံးပျံအတွက် အဓိကအင်ဂျင်ဖြစ်ပြီး ထိုဒုံးပျံကို လူလိုက်ပါသော    လပေါ်ဆင်းသက်ရေး အာကာသလုပ်ငန်း အတွက် အသုံးပြုသွားမည်ဖြစ်သည်။

ယခုကဲ့သို့ အဓိကကျသော အင်ဂျင်ကို အောင်မြင်စွာ စမ်းသပ်မှု လုပ်ဆောင်နိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် အကောင်အထည်ဖော်မည့် တရုတ်အာကာသ ယာဉ်မှူးများကို လပေါ်သို့   ပို့ဆောင်ရေး ရည်မှန်းချက်အတွက် အခြေအနေကောင်းများ ရရှိလာပြီဟု ဆိုနိုင်သည်။

ထိုစမ်းသပ်မှုတွင်    လိုအပ်သော အင်ဂျင်တစ်လုံးအတွက် အရေးကြီး အစိတ်အပိုင်းများ အားလုံးကို လေ့လာမှုများ လုပ်ဆောင်ခဲ့ကြောင်း   တရုတ်လေကြောင်း အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။

စမ်းသပ်မှုတွင် အသုံးပြုခဲ့သော အင်ဂျင်သည် အဆင့်မြင့်အောက်ဆီဂျင် အရည်ကို လောင်စာအဖြစ် သုံးစွဲခဲ့ခြင်းဖြစ်ပြီး တွန်းကန်အားမှာ တန် ၁၃၀ အထိရောက်ရှိနိုင်သည်ကို တွေ့ရသည်။

ယခုအင်ဂျင်သည်   တရုတ်နိုင်ငံက လက်ရှိအသုံးပြုနေသော ဒုံးပျံများ၌ တပ်ဆင်ထားသည့်  တွန်းကန်အား  တန် ၁၂၀ ထွက်အင်ဂျင်ကို    အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ထားခြင်းဖြစ်သည်။

အဆင့်မြှင့်တင်ထားသည့် အင်ဂျင်၏ ထပ်တိုးတွန်းကန်အားမှာ ၁၀ တန်မျှသာ ဖြစ်သော်လည်း Long March-10 ဒုံးပျံ တွင် ထိုအင်ဂျင်အမျိုးအစား ၂၁ လုံးအထိ တပ်ဆင်သွားမည်ဖြစ်သောကြောင့် ပုံမှန်ထက် တွန်းကန်အား တန် ၂၁၀ ကို ပိုမိုရရှိစေမည်ဟု Aerospace Knowledge မဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဝမ်းယာနန်းက ပြောသည်။

ထိုအင်ဂျင်ကို အဆင့်မြှင့်တင်မှုများ လုပ်ဆောင်နေစဉ် အတောအတွင်း ကုန်ကြမ်းပစ္စည်းအသစ်များ၊ လုပ်ငန်းစဉ်အသစ်များနှင့် နည်းပညာအသစ်များကို အသုံးပြုခဲ့ရကြောင်း သိရသည်။