ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ၎င်း၏သားကို ဝန်ကြီးချုပ်ရာထူး လွှဲပြောင်းပေးမည်

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ၎င်း၏သားကို ဝန်ကြီးချုပ်ရာထူး လွှဲပြောင်းပေးမည်

    ကမ္ဘာပေါ်တွင်  သက်တမ်းအရှည်ဆုံးသော  ဝန်ကြီးချုပ်များအနက် တစ်ဦးဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်းနှင့်  ၎င်း၏သားကို  ဝန်ကြီးချုပ် ရာထူးလွှဲပြောင်းပေးမည်ဟု ဇူလိုင် ၂၆ ရက်တွင် ထုတ်ဖော် ကြေညာလိုက်သည်။

“မိမိအနေနဲ့   ဝန်ကြီးချုပ်ရာထူးကို ဆက်လက် ထမ်းဆောင်တော့မည် မဟုတ်ကြောင်း ကြေညာလိုက်ချိန်မှာ   ပြည်သူလူထုအနေနဲ့  မိမိအပေါ်ကို နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ်။ မိမိအနေနဲ့ ဘုရင်နဲ့လည်း တွေ့ဆုံဆွေးနွေး ခဲ့ပြီးဖြစ်တဲ့အတွက် အခုလိုမျိုးဝန်ကြီးချုပ် ရာထူးကနေ အနားယူသွားမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်”ဟု ဟွန်ဆန်က နိုင်ငံပိုင် ရုပ်မြင်သံကြားမှ အထူးထုတ်လွှင့်မှု တစ်ခုတွင်  ပြောသွားသည်။

တစ်ချိန်တည်းမှာပင် ၎င်း၏သားအကြီးဖြစ်သည့်  ဟွန်မာနိထံ  ဝန်ကြီးချုပ်ရာထူး လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး    ထိုသို့ လွှဲပြောင်းမှုကို သြဂုတ်လတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟွန်ဆန်က ဆက်ပြောထားသည်။

ကမ္ဘောဒီးယားဘုရင်က သြဂုတ် ၁၀ ရက်တွင် ဟွန်မာနိကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည်ဖြစ်ပြီး လွှတ်တော်က သြဂုတ် ၂၂ ရက်တွင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုမည်ဖြစ်သည်။

ဟွန်ဆန်သည် ကမ္ဘောဒီးယား ဝန်ကြီးချုပ်အဖြစ် နှစ်ပေါင်း ၃၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းအနေဖြင့် ဝန်ကြီးချုပ်ရာထူးကို ဆက်လက်ရယူထားပါက နိုင်ငံ၏အခြေအနေမှာ မတည်မငြိမ်ဖြစ်လာ နိုင်ကြောင်းနှင့် လူငယ်များအားလုံး ပါဝင်သည့် အစိုးရအဖွဲ့အသစ်တစ်ခု အလွန်လိုအပ်နေကြောင်း၊   ထိုအစိုးရအဖွဲ့အသစ်သည် အနာဂတ်အတွက် တာဝန်ခံရမည်ဖြစ်ကြောင်း ပြောထားသည်။

သို့သော် ဟွန်ဆန်သည်  ဝန်ကြီးချုပ် ရာထူးမှ အနားယူသော်လည်း အာဏာရပါတီ၏ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ အမျိုးသား လွှတ်တော်အမတ်အဖြစ် လည်းကောင်း ဆက်လက် ရှိနေဦးမည်ဖြစ်ကြောင်း  သိရသည်။