ဂျပန်က ကာကွယ်ရေးနယ်ပယ်ခုနစ်ခုတွင် စစ်အသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်သွားမည်

ဂျပန်က ကာကွယ်ရေးနယ်ပယ်ခုနစ်ခုတွင် စစ်အသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်သွားမည်

ဂျပန်နိုင်ငံအနေဖြင့် ကာကွယ်ရေးနယ်ပယ်ခုနစ်ခုတွင် စစ်အသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်သွားမည် ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ နယ်ပယ်ခုနစ်ခုသည်   နိုင်ငံ၏ကာကွယ်ရေးစွမ်းရည်ကို  မြှင့်တင်နိုင်ရန် အခြေခံကျသော လိုအပ်ချက်ဖြစ်ကြောင်း ဇူလိုင်  ၂၈ ရက်ထုတ်  နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုအစီအစဉ်အရ မျှော်မှန်းထားသောရည်မှန်းချက်ကိုရရှိနိုင်စေရန် လာမည့်ငါးနှစ်အတွင်း အသုံးစရိတ်အဖြစ် ယန်း ၄၃ ဒသမ ၅ ထရီလီယံလိုအပ်မည်ဖြစ်သည်။ ယင်းပမာဏသည် ၂၀၁၉-၂၀၂၃ ခုနှစ် ကာလအတွင်းအသုံးစရိတ်ဖြစ်သည့် ယန်း ၁၇ ဒသမ ၂ ထရီလီယံထက် များစွာမြင့်တက်လာခြင်း ဖြစ်သည်။

ကာကွယ်ရေးနယ်ပယ်ခုနစ်ခုအနက် အဓိကကျသောပထမတစ်ခုမှာ စွမ်းဆောင်ရည်မြင့်ဒုံးကျည်များကို  ဖန်တီးထုတ်လုပ်ခြင်းဖြစ်ပြီး အဆိုပါနယ်ပယ်အတွက် ယန်း ၅ ဘီလီယံအထိသုံးစွဲသွားမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံ၏ဝေဟင်ပိုင်နက်ကို ကာကွယ်ရေးအတွက် လေကြောင်းရန် ကာကွယ်ရေးစနစ်များကို အဆင့်မြှင့်တင်မည်ဖြစ်ကာ ယန်း ၃ ထရီလီယံ အသုံးပြုသွားမည်ဖြစ်သည်။

ထို့အတူ    အာကာသနှင့်ဆိုက်ဘာနယ်ပယ်လုံခြုံရေးအတွက် ယန်း ၈ ထရီလီယံ အထိ အသုံးပြုသွားမည်ဖြစ်သည်။ အထူးသဖြင့် ကွပ်ကဲမှုနှင့်ထိန်းချုပ်မှု၊ ထောက်လှမ်းရေးတို့နှင့် သက်ဆိုင်သောလုပ်ငန်းများအတွက် ယန်း ၂ ထရီလီယံအထိ အသုံးပြုသွားမည်ဖြစ်သည်။

အလားတူ လက်နက်ခဲယမ်းများအတွက် ယန်း ၂ ထရီလီယံ၊ စစ်သုံးပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးအတွက် ယန်း ၉ ထရီလီယံ၊ အဆောက်အဦများခိုင်ခံ့ရေးအတွက် ယန်း ၄ ထရီလီယံသုံးစွဲသွားမည်ဟု နှစ်ပတ်လည် အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာသည် တုံ့ပြန်တိုက်ခိုက်ရေးစွမ်းရည်များကို တိုးမြှင့်ရန်  အဓိက ဦးစားပေးဖော်ပြထားသည်ကို တွေ့ရသည်။

တုံ့ပြန်တိုက်ခိုက်ရေး စွမ်းရည်ဆိုသည်မှာ ရန်သူက ဒုံးကျည်များဖြင့်  တိုက်ခိုက်လာပါက   ဂျပန်နိုင်ငံက   ရန်သူအပေါ် ထိရောက်မှုရှိစွာ တုံ့ပြန်တိုက်ခိုက်ခြင်းဖြင့် နောက်ထပ်ဖြစ်ပေါ်လာနိုင်သည့် ရန်သူ၏တိုက်ခိုက်မှုများကို   ဦးနှိမ်နိုင်ရန်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ရန်သူ၏ဒုံးကျည်များကို ကြားဖြတ် ပစ်ချနိုင်ရေး ဆောင်ရွက်ခြင်း ဖြစ်သည်။                      

Ref: Sputnik