ရုရှားက အာဖရိကနိုင်ငံများအတွက် အကြွေးအမေရိကန်ဒေါ်လာ ၂၃ ဘီလီယံကိုလျှော်ပေး

ရုရှားက အာဖရိကနိုင်ငံများအတွက် အကြွေးအမေရိကန်ဒေါ်လာ ၂၃ ဘီလီယံကိုလျှော်ပေး

အာဖရိကနိုင်ငံများအနေဖြင့် ခေတ်အဆက်ဆက်က ရုရှားနိုင်ငံအပေါ်တင်နေသော အကြွေး အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံကို ယခုရုရှားအစိုးရက လျှော်ပေးလိုက်ပြီဖြစ်ကြောင်း သမ္မတဗလာ ဒီမာပူတင်က ဇူလိုင် ၂၈ ရက်တွင်ပြောသည်။

ထို့ပြင် အာဖရိကတိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နောက်ထပ်ငွေကြေးများစွာကိုလည်း ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း စိန့်ပီတာစဘာ့မြို့၌ ပြုလုပ်သည့် ရုရှား-အာဖရိကဖိုရမ်မျက်နှာစုံညီ အစည်းအဝေး၌ ပူတင်က ပြောသည်။

အလားတူ ရုရှားနိုင်ငံအနေဖြင့် အာဖရိကတိုက်ရှိ အလွန်အမင်း ရုန်းကန်ကြိုးပမ်းနေရသောနိုင်ငံများကို   ကောက်ပဲသီးနှံများ ထောက်ပံ့ပေးသွားမည်ဟု ရုရှားသမ္မတက ဇူလိုင် ၂၇ ရက်တွင် ပြောထားသည်။

အဆိုပါထောက်ပံ့မှုအရ ဘာကီနာဖာဆို၊ ဇင်ဘာဘွေ၊ မာလီ၊ ဆိုမာလီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံနှင့် အဲရစ်ထရီးယားနိုင်ငံတို့အနေဖြင့် ကောက်ပဲသီးနှံတန်ချိန် ၂၅၀၀၀ မှ ၅၀၀၀၀ အထိရရှိမည်ဖြစ်ပြီး သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်များအားလုံးကို ရုရှားနိုင်ငံက ကျခံပေးသွားမည်ဖြစ်သည်။

ရုရှားနိုင်ငံနှင့် အာဖရိကနိုင်ငံများအကြား အပြန်အလှန်ကုန်သွယ်ရေးကဏ္ဍ   ဖွံ့ဖြိုးတိုးတက်လာပြီ ဖြစ်သောကြောင့် အာဖရိကတိုက်   လွတ်လပ်စွာကုန်သွယ်မှု နယ်မြေထူထောင်ရေးအတွက် နောက်ထပ် အခွင့်အလမ်းများ ထွက်ပေါ်လာပြီ ဖြစ်ကြောင်း ရုရှားသမ္မတကပြောထားသည်။

၂၀၂၁ ခုနှစ်တွင်စတင် အကောင်အထည်ဖော်ခဲ့သည့် အာဖရိက တိုက်လွတ်လပ်စွာ ကုန်သွယ်မှုနယ်မြေသည် အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ထရီလီယံကျော်မည့် တိုက်လုံးဆိုင်ရာ ဈေးကွက်ကြီး ဖြစ်လာမည် ဖြစ်သည်။

ထိုဈေးကွက်ကြောင့်   အာဖရိကတိုက်သည်လည်း ဝင်ရိုးစုံကမ္ဘာကြီး၏ ခေါင်းဆောင်များအနက် တစ်ဦးအပါအဝင် ဖြစ်လာစေမည်ဖြစ်သည်။

ရုရှားနိုင်ငံသည် ယူရေးရှားစီးပွားရေးသမဂ္ဂမှတစ်ဆင့်သာမက နှစ်နိုင်ငံကြားဆက်ဆံရေး လမ်းကြောင်း တို့မှတစ်ဆင့် အဆိုပါ ဈေးကွက်နှင့်   ချိတ်ဆက်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref: RT