ပြည်ပလေယာဉ်များ၊ သင်္ဘောများကြောင့် အရှေ့နှင့်တောင်တရုတ် ပင်လယ်တို့တွင် တင်းမာမှုများမြင့်တက်စေ

ပြည်ပလေယာဉ်များ၊ သင်္ဘောများကြောင့် အရှေ့နှင့်တောင်တရုတ် ပင်လယ်တို့တွင် တင်းမာမှုများမြင့်တက်စေ

    ပြည်ပနိုင်ငံများက ၎င်းတို့၏ စစ်အင်အားကိုပြသလိုသည့်အနေဖြင့်  စေလွှတ်ခြင်းကြောင့် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့ အတွင်း ဝင်ရောက်လာသည့် လေယာဉ်များနှင့်သင်္ဘောများသည် ဒေသတွင်း တင်းမာမှုများကို မြင့်တက်စေကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံက   ထုတ်ပြန်လိုက်သည့် နှစ်ပတ်လည်ကာကွယ်ရေး အစီရင်ခံစာတွင်  တရုတ်နိုင်ငံကို   ခြိမ်းခြောက်မှုအဖြစ် ထည့်သွင်း ရေးသားထားမှုသည် ရည်ရွယ်ချက် ရှိရှိ   ပုံကြီးချဲ့ပြောဆိုခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တန်းကီဖေးက ပြောသည်။

တကယ်တမ်းတွင်     အရှေ့တရုတ်ပင်လယ်နှင့်  တောင်တရုတ် ပင်လယ်တို့အတွင်း   အခြေအနေအရပ်ရပ်သည် ယေဘုယျအားဖြင့် တည်ငြိမ်နေသည့်တိုင် ပြည်ပမှ ဝင်ရောက်လာသော စစ်သင်္ဘောများနှင့် စစ်လေယာဉ် များကြောင့်သာ ဒေသတွင်း တင်းမာမှုများကို  ပိုဆိုးလာစေခြင်းဖြစ်ကြောင်း တန်းကီဖေးက တုံ့ပြန်ထားသည်။

ထို့ပြင်   တရုတ်နိုင်ငံအနေဖြင့် ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာန၏ နှစ်ပတ်လည် အစီရင်ခံစာကို   အတိအလင်း ကန့်ကွက် ကြောင်း ဖော်ပြထားပြီးဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

ထို့အတူ   ဂျပန်နိုင်ငံသည်သာလျှင် တရုတ်နိုင်ငံ၏  ပြည်တွင်းရေး ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ နိုင်ငံတကာ ဆက်ဆံရေး စံနှုန်းများကို  ချိုးဖောက်ခြင်း၊ တရုတ်-ဂျပန်ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို   ယိုင်နဲ့စေခြင်း၊ ထိုင်ဝမ်ရေလက်ကြားအတွင်းအခြေအနေကို ပိုမိုဆိုးဝါးစေခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်နေကြောင်း အကြီးတန်း ဗိုလ်မှူးကြီး  တန်းကီဖေးက ဆိုသည်။

ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနသည် ၎င်းတို့၏  နှစ်ပတ်လည် အစီရင်ခံစာကို ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်းအစီရင်ခံစာတွင် တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်ဆိုင်ရာ ရည်မှန်းချက်များ၊ တရုတ်နှင့်ရုရှားတို့၏   လုံခြုံရေးဆိုင်ရာ မိတ်ဖွဲ့မှုနှင့်   မြောက်ကိုရီးယားနိုင်ငံတို့ အကြောင်းကို အဆိုးမြင်သည့်ဘက်က အဓိကဦးစားပေး သုံးသပ်ထားသည်။

ကာကွယ်ရေးနယ်ပယ်အတွင်း တရုတ် နှင့်ရုရှားနိုင်ငံတို့၏   ပူးပေါင်းဆောင်ရွက်မှုသည် ဘက်မလိုက်သော၊ ထိပ်တိုက်တွေ့ဆုံမှု မရှိသော၊   တတိယ အဖွဲ့အစည်းများကို ပစ်မှတ်ထားမှုမရှိသော အခြေခံအုတ်မြစ် အပေါ်တွင်  တည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံမဟာမိတ် ဖြစ်တည်မှုသည် မည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်မှုမရှိစေဘဲ ဒေသတွင်းနှင့် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း    အကြီးတန်းဗိုလ်မှူးကြီး တန်းကီဖေးက  ပြောထားသည်ဟု သိရသည်။