ဗြိတိန်၌ မီးရထားဝန်ဆောင်မှုအချို့ ရပ်ဆိုင်းလိုက်ရ

ဗြိတိန်၌ မီးရထားဝန်ဆောင်မှုအချို့ ရပ်ဆိုင်းလိုက်ရ

    ဗြိတိန်နိုင်ငံ၌ မီးရထားဝန်ထမ်းများ၏ လုပ်ခလစာ၊   လုပ်ငန်းဆောင်ရွက်ရမှု အခြေအနေတို့နှင့် ပတ်သက်၍ ဆန္ဒပြမှုများ ဖြစ်ပွားသောကြောင့် ဇူလိုင် ၂၉ ရက်တွင် မီးရထားဝန်ဆောင်မှုအချို့ ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။

မီးရထားလုပ်ငန်း ကုမ္ပဏီများတွင် အလုပ်လုပ်နေသည့်   ဝန်ထမ်းများသည် တစ်နေကုန် သပိတ်မှောက်ခြင်းကြောင့် နိုင်ငံတစ်ဝန်းရှိ  မီးရထားဝန်ဆောင်မှု လုပ်ငန်းများကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်။

အချို့သောနေရာများတွင်   မီးရထား ဝန်ဆောင်မှုစုစုပေါင်း၏  ထက်ဝက်သာ လုပ်ငန်းလည်ပတ်နိုင်ပြီး  အခြားနေရာများ တွင်မူ လုံးလုံးလျားလျား လည်ပတ်နိုင်ခြင်းမရှိသည်ကိုတွေ့ရသည်။

ဆယ်စုနှစ်များစွာအတွင်း အမြင့်မားဆုံး ဖြစ်သည့် ငွေကြေးဖောင်းပွမှုနှင့်  လွန်စွာ မြင့်တက်လာသည့်   နေထိုင်မှုစရိတ်တို့ ကြောင့် လုပ်ခလစာ တိုးမြှင့်ပေးရန် မီးရထား ဝန်ထမ်းများက  တောင်းဆိုလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၁၈ လအတွင်း ယခုကဲ့သို့ လုပ်ခလစာ တိုးမြှင့်တောင်းခံပြီး ဆန္ဒပြမှုများ လုပ်ဆောင်သူများတွင် ကျန်းမာရေး ဌာနမှဝန်ထမ်းများနှင့် ကျောင်းဆရာများမှသည်   ရှေ့နေများနှင့် ဆိပ်ကမ်းအလုပ်သမားများအထိ  ပါဝင်ကြောင်း သိရသည်။