ဘင်္ဂလားဒေ့ရှ်၌ ရဲတပ်ဖွဲ့နှင့်ဆန္ဒပြသူများ အကြား ပဋိပက္ခများဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်၌ ရဲတပ်ဖွဲ့နှင့်ဆန္ဒပြသူများ အကြား ပဋိပက္ခများဖြစ်ပွား

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇူလိုင် ၂၉ ရက်တွင် ဒါကာမြို့ရှိ လမ်းမကြီးများကို  ပိတ်ဆို့ကာ ဆန္ဒပြနေကြသည့် ဆန္ဒပြသူများနှင့်  ရဲတပ်ဖွဲ့တို့အကြား   ပဋိပက္ခများ ဖြစ်ပွားကြောင်း သိရသည်။

ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့ကိုခဲများဖြင့် ပစ်ပေါက်ခြင်းများ လုပ်ဆောင်လာစဉ် ရဲတပ်ဖွဲ့ကလည်း   ဆန္ဒပြလူအုပ်ကွဲစေရန် ရော်ဘာကျည်ဆန်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အတိုက်အခံပါတီ ဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီနှင့် မဟာမိတ်အဖွဲ့များက ဝန်ကြီးချုပ်ရှိတ်ဟာဆီနာကို ရာထူးမှ ဆင်းပေးရန်နှင့်   လာမည့်နှစ် ဇန်နဝါရီလတွင်လုပ်မည့်   ရွေးကောက်ပွဲကို အိမ်စောင့်အစိုးရက  ဦးစီးဆောင်ရွက်ပေးရန် ၂၀၂၂ ခုနှစ်ကတည်းက တောင်းဆိုဆန္ဒပြမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။

ဇူလိုင် ၂၉ ရက်တွင်မူ မြို့တော်ရှိ လမ်းမကြီးများကို ပိတ်ဆို့ရန် စုဝေးရောက်ရှိလာသည့် ထောင်ပေါင်းများစွာသော လူအုပ်ကြီးကို လူစုခွဲရန် ရဲတပ်ဖွဲ့က ဝင်ရောက်လာချိန်တွင် နှစ်ဖက်အဖွဲ့ကြား   ပဋိပက္ခများ ဖြစ်ပွားခြင်းဖြစ်သည်။

အဆိုပါပဋိပက္ခများကြောင့်  ရဲတပ်ဖွဲ့ဝင် အချို့ဒဏ်ရာရရှိကြောင်းနှင့်   မြို့တော်အတွင်း ပဋိပက္ခဖြစ်ပွားရာနေရာ    လေးခုရှိကြောင်း  မြို့တော်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ   ဖာရွတ်အာမတ်က ပြောသည်ဟုသိရသည်။

အလားတူ ပဋိပက္ခများကြောင့် ဒဏ်ရာရရှိ၍  ဆေးရုံတက်ရောက်ကုသမှု ခံယူရသည့် ဆန္ဒပြသူ ခြောက်ဦးရှိကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ၏ အာဝါမီအဖွဲ့ချုပ် ပါတီသည် ၂၀၀၉ ခုနှစ်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အုပ်ချုပ်လာခြင်းဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကျင့်ပျက်ခြစားမှုများ၊ အာဏာရှင်စနစ် အမြစ်တွယ်လာမှုများနှင့် ပတ်သက်၍ စွပ်စွဲမှုများကို ရင်ဆိုင်နေရသည်။