တရုတ်(တိုင်ပေ)သို့ အမေရိကန်၏ ထောက်ပံ့မှုများက တရုတ်၏ ပေါင်းစည်းရေး ဆန္ဒကို မဟန့်တားနိုင်

တရုတ်(တိုင်ပေ)သို့ အမေရိကန်၏ ထောက်ပံ့မှုများက တရုတ်၏ ပေါင်းစည်းရေး ဆန္ဒကို မဟန့်တားနိုင်

    အမေရိကန်အစိုးရက  တရုတ်(တိုင်ပေ)သို့  စစ်လက်နက်ပစ္စည်းများ ထောက်ပံ့မှုသည်  တရုတ်အစိုးရ ရည်မှန်းထားသော ပေါင်းစည်းရေးဆန္ဒကို    မဟန့်တားနိုင်ကြောင်း တရုတ်အစိုးရ၏ တရုတ်(တိုင်ပေ)ရေးရာရုံးက ထုတ်ပြန်လိုက်သည်။

တရုတ်(တိုင်ပေ)သို့ အမေရိကန်ဒေါ်လာ ၃၄၅ သန်းတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးမှုသည် ထိုဒေသကို ခဲယမ်းတိုက်အဖြစ် ပြောင်းလဲနေခြင်းဖြစ်ကြောင်း တရုတ်အစိုးရက ပြောထားသည်။

“တရုတ်(တိုင်ပေ)ခွဲထွက်ရေး အဖွဲ့များအနေနဲ့ အခွန်ထမ်း ပြည်သူများရဲ့ငွေကြေးဥစ္စာ မည်မျှပမာဏကို သုံးစွဲနေသည်ဖြစ်စေ၊ အမေရိကန်၏ စစ်လက်နက်ပစ္စည်း မည်မျှကို အသုံးပြုနေသည်ဖြစ်စေ တရုတ်(တိုင်ပေ) ပြဿနာကိုဖြေရှင်းရေး  ကြိုးပမ်းနေတဲ့ ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုကို  လှုပ်ခတ်စေမှာမဟုတ်ပါဘူး။  ဒါ့အပြင် အမိမြေပေါင်းစည်းရေး အတွက်ထားရှိတဲ့ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ဆန္ဒကို ထိခိုက်စေမှာမဟုတ်ပါဘူး” ဟု တရုတ်(တိုင်ပေ)ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ  ချန်းဘင်ဟွာက ပြောသည်။

ထို့ပြင် အမေရိကန်၏ လုပ်ဆောင်မှုများသည်  တရုတ်(တိုင်ပေ)ကို ခဲယမ်းတိုက်အဖြစ် ပြောင်းလဲစေကာ  ထိုင်ဝမ်ရေလက်ကြားအတွင်း စစ်ခြိမ်းခြောက်မှုကိုလည်း  ပိုဆိုးလာစေကြောင်း ၎င်းကဆက်ပြောသည်။

ယခုအမေရိကန်က တရုတ်(တိုင်ပေ)သို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့မှုက ယခင်စစ်လက်နက်ပစ္စည်း ဝယ်ယူထောက်ပံ့မှုများနှင့် တူညီမှုမရှိသည်ကို တွေ့ရသည်။

ယခင်က   စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် လည်းကောင်း၊  ထောက်ပံ့ပေးရာတွင် လည်းကောင်း တရုတ်(တိုင်ပေ) အတွက် သီးသန့်ထုတ်လုပ်ပြီးမှ တင်ပို့ခြင်းဖြစ်သည့်အတွက်   အချိန်ကာလအားဖြင့် ကြာမြင့်သည်။

ယခုမူ ထုတ်လုပ်ပြီးသား လက်နက်များထဲမှ ခွဲထုတ်၍   တရုတ်(တိုင်ပေ)အား ပေးအပ်ရန်   အမေရိကန်၏ ဆုံးဖြတ်ချက်ကို ကွန်ဂရက်က သဘောတူထားခြင်းဖြစ်သည်။ ထို့ကြောင့် ယခုထောက်ပံ့မှုတွင် တရုတ်(တိုင်ပေ) အနေဖြင့် စစ်လက်နက်ပစ္စည်းများကို   အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမည် မဟုတ်ပေ။

အမေရိကန်က   တရုတ်(တိုင်ပေ)သို့ ပေးအပ်မည့် စစ်လက်နက်ပစ္စည်းများတွင် ပခုံးထမ်းလေကြောင်းရန် ကာကွယ်ရေး စနစ်များ၊ ထောက်လှမ်း စောင့်ကြည့်ရေး စနစ်များ၊ လက်နက်ငယ်များနှင့် ဒုံးကျည်များအထိ ပါဝင်ကြောင်း သိရသည်။