အမေရိကန်ထုတ် HIMARS ဒုံးကျည်များကို ရုရှားကပစ်ချနိုင်မှုအပေါ် ဇီလန်စကီ စိတ်ပျက်နေ

အမေရိကန်ထုတ် HIMARS ဒုံးကျည်များကို ရုရှားကပစ်ချနိုင်မှုအပေါ် ဇီလန်စကီ စိတ်ပျက်နေ

   အမေရိကန်နိုင်ငံထုတ်  အဆင့်မြင့် ဒုံးကျည်များဖြစ်သော HIMARS  ဒုံးကျည်များကို ရုရှား၏လေကြောင်းရန် ကာကွယ်ရေးစနစ်က   ကြားဖြတ် ပစ်ချလိုက်နိုင်မှုအပေါ် ယူကရိန်းသမ္မတ ဗိုလိုဒိုမာဇီလန်စကီက စိတ်ပျက်နေကြောင်း သိရသည်။

“ရုရှားရဲ့လေကြောင်းရန် ကာကွယ်ရေးစနစ်များက တကယ့်ကိုပြိုင်စံရှားပဲ။ ပြီးပြည့်စုံတဲ့ ပေါင်းစည်း လေကြောင်းရန် ကာကွယ်ရေးစနစ် ဆိုတာမျိုးကတော့ မရှိပါဘူး။ ဒါပေမဲ့လည်း ရုရှားရဲ့လေကြောင်းရန် ကာကွယ်ရေးစနစ်များက HIMARS ဒုံးကျည်များအားလုံးကို  ပစ်ချလိုက်နိုင်ပါတယ်” ဟု ပင်တဂွန်စစ်ဌာနချုပ်မှ အကြံပေးဟောင်းနှင့် နိုင်ငံခြားရေးရာ မူဝါဒကျွမ်းကျင်သူ ဒေါက်ဂလပ်မက်ဂရီဂေါက ပြောသည်။

ထိုကဲ့သို့ HIMARS ဒုံးကျည်များကို ရုရှားက ပစ်ချနိုင်မှုနှင့် ပတ်သက်၍ ယူကရိန်း သမ္မတအနေဖြင့်  အမျက်ထွက်နေသည် ကိုတွေ့ရကြောင်း ၎င်းကဆက်ပြောသည်။

“သူ့နိုင်ငံအတွင်းမှာ  ဆုံးရှုံးမှုတွေက တကယ့်ကို    ကြောက်ခမန်းလိလိပဲ။ ဒီဆုံးရှုံးမှုတွေက ယူကရိန်းကို အသက်ဆက် ပေးနေတဲ့ အမေရိကန်ရဲ့ ငွေကြေးများသာဖြစ်ပါတယ်” ဟု မက်ဂရီဂေါကဆိုသည်။

ထို့ပြင် ယူကရိန်းက ၎င်းတို့၏ တန်ပြန်တိုက်စစ်ဟုဆိုသည့်  စစ်ဆင်ရေး ဒုတိယအဆင့်သည် ရှုံးနိမ့်မှုသာ ရရှိသွားသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှား-အာဖရိကထိပ်သီး ညီလာခံ၌   ပြောထားသည်။

“ရန်သူတွေဟာ   ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုများ လုပ်ဆောင်လာသော်လည်း တစ်ခုမှအောင်မြင်မှု မရပါဘူး။ တန်ပြန် တိုက်စစ်အတွက် ကြိုးပမ်းမှုများအားလုံးကလည်း ရပ်တန့်သွားရပြီး ရန်သူတွေဟာ ကြီးစွာသော ဆုံးရှုံးမှုနဲ့အတူ လာရာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာ သွားရပါတယ်”ဟု ဗလာဒီမာပူတင်က ပြောသည်။

အမေရိကန်ဦးဆောင်သော  အနောက်အုပ်စုသည် HIMARS,   HARM နှင့် Storm Shadow  ဒုံးကျည်များကို ယူကရိန်း နိုင်ငံသို့ ပို့ဆောင်ပေးလျက်ရှိပြီး ယင်းကဲ့သို့ အနောက်အုပ်စု၏ လက်နက်များ ထောက်ပံ့မှုသည်  ယူကရိန်းပဋိပက္ခကို ပိုမိုရှည်ကြာစေမည်ဖြစ်သည့်အပြင် ထိုပဋိပက္ခအတွင်း အနောက်အုပ်စုက တိုက်ရိုက်ပါဝင် ပတ်သက်နေသည်ဟု သဘောသက်ရောက်ကြောင်း ရုရှားအစိုးရက သတိပေးထားသည်။