အမေရိကန်နှင့် ကနေဒါ၌ အစာအဆိပ်သင့်ပိုး ကူးစက်ခံရသူ ၉၀၀ နီးပါးရှိလာ

အမေရိကန်နိုင်ငံနှင့်ကနေဒါနိုင်ငံတို့၌ ကြက်သွန်နီမှတစ်ဆင့် အစာအဆိပ်သင့်ပိုး ကူးစက်ခံရသူ  ၉၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ကူးစက်မှုသည် အမေရိကန်နိုင်ငံရှိ ပြည်နယ် ၄၃ ခု သို့ပင်  ပျံ့နှံ့နေပြီဖြစ်ပြီး ယူထာ၊ အော်ရီဂွန်နှင့်  ကယ်လီဖိုးနီးယား ပြည်နယ်တို့၌ ကူးစက်မှု အများဆုံး ဖြစ်သည်။

သြဂုတ် ၉ ရက်အထိ အမေရိကန်နိုင်ငံ၌ အစာအဆိပ်သင့် ပိုးကူးစက်ခံရသူ ၆၄၀ ကျော်နှင့် ဆေးရုံတက်နေရသူ ၈၅ ဦးရှိသည်။

ကနေဒါနိုင်ငံ၌မူ သြဂုတ် ၈ ရက်အထိ ထိုပိုးကူးစက်ခံရသူ ၂၃၉ ဦးနှင့် ဆေးရုံတက်နေရသူ ၂၉ ဦးရှိသည်။    သို့သော် နှစ်နိုင်ငံစလုံး၌ သေဆုံးသူတစ်ဦးမျှ မရှိသေးကြောင်း သိရသည်။ အစာအဆိပ်သင့်ပိုး ကူးစက်မှုကို ဖြစ်စေသော ကြက်သွန်နီသည် ကယ်လီဖိုးနီးယားပြည်နယ်ရှိ  သွမ်ဆင်အင်တာနေရှင်နယ်ကုမ္ပဏီက ထုတ်လုပ်သော ကြက်သွန်နီ ဖြစ်သည်။

အဆိုပါ ကုမ္ပဏီသည် မေ ၁ ရက်မှစ၍ ဈေးကွက်အတွင်း ဖြန့်ချိခဲ့သော ကြက်သွန်အမျိုးမျိုးကို ပြန်လည်သိမ်းယူ နေရကြောင်းနှင့်  အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုဌာနက ထိုကုမ္ပဏီအပေါ်  စုံစမ်းစစ်ဆေးမှု လုပ်နေကြောင်း သိရသည်။   

Ref: NY Times