မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော်မဟာမင်္ဂလာ အခမ်းအနားများသို့ တက်ရောက်လာသူတို့၏ စကားသံများ

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော်မဟာမင်္ဂလာ အခမ်းအနားများသို့ တက်ရောက်လာသူတို့၏ စကားသံများ

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့်ရေစက်ချခြင်း စသည့်မင်္ဂလာအခမ်းအနားများကို အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ် လျက်ရှိသည့်    ပြည်ထောင်စုနယ်မြေ  နေပြည်တော်   ဒက္ခိဏသီရိမြို့နယ်ရှိ ယင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဥယျာဉ်တော် နယ်မြေအတွင်း သတ်မှတ်နေရာများတွင် သြဂုတ်လ  ၁  ရက်နေ့ကကျင်းပခဲ့ကြသည်။

အဆိုပါ အခမ်းအနားများသို့ တက်ရောက်လာသူများ၏ ပီတိစကားသံများကိုလည်း ပြန်လည် မျှဝေလိုက်ရပါသည်-

သူရဦးဖုန်းစိန်(ကျောက်စာရုံအလှူရှင်)

ရန်ကုန် သန်လျင်ကလာပြီး ကျောက်စာရုံစေတီအမှတ်(၃၄၂)ကို လာရောက်လှူဒါန်းတာဖြစ်ပါတယ်။ အခုလိုလှူဒါန်းတာက သံသရာမှာလည်နေတဲ့ ပုဂ္ဂိုလ်တွေကို သံသရာမလည်အောင် ဘုရားကစေတနာနဲ့ဟောပြောပြသတဲ့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်၊ ကျေးဇူးတော်ကို ရည်မှန်းတဲ့ အတွက်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လှူခဲ့တန်းခဲ့တဲ့ကုသိုလ်ထဲမှာ ဒီအလှူကို ပီတိအဖြစ်ဆုံးပါ။ မာရဝိဇယဘုရားကြီးကို ဖူးမြော်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ မြတ်စွာဘုရားကိုလည်း ကျေးဇူးဆပ်တဲ့အနေနဲ့ တစ်ပိုင်တစ်နိုင်ကုသိုလ်ပါဝင်ရတဲ့အတွက် ဘုရားကြီးအတွင်းလာရောက် ဖူးမြော်မိတဲ့အချိန် ပိုပြီးပီတိဖြစ်မိပါတယ်။ ဦးဆောင်ဘုရားဒါယကာကြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့များက မြတ်စွာဘုရားရဲ့ကျေးဇူးတော်၊   ဂုဏ်တော်ကို အောက်မေ့သတိရတဲ့ ပြုလုပ်တဲ့ ကုသိုလ်တော်အလှူပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာ သာသနာတော်ကြီးကို ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့အောင် မားမားမတ်မတ် သာသနာထွန်းကားပြန့်ပွားရေးကိုပြသတဲ့ အခမ်းအနားပွဲလည်း ဖြစ်တယ်။  ဒီလိုကုသိုလ်တော်ပွဲဖြစ်မြောက်အောင် လုပ်ကြတဲ့ ဦးဆောင်ဘုရား ဒါယကာကြီးနဲ့တကွ အဖွဲ့ဝင်များအားလုံးကိုလည်း   ကျေးဇူးတင်ပါတယ်။    ဝမ်းလည်းသာတယ်။ ဂုဏ်လည်းယူမိပါတယ်။ ဘုရားကြီးဖြစ်မြောက်ရေးအတွက် ပါဝင်ကြတဲ့အဖွဲ့သားများအားလုံးလည်း ကျန်းမာ၊ ချမ်းသာအသက်ရှည်ပြီး တရားထူးတရားမြတ်များ ရကြပါစေလို့ ဆုတောင်းပေးပါတယ်။

ဦးဝင်းလှိုင် ဗိုလ်မှူးကြီး(ငြိမ်း)

(ကျောက်စာရုံအလှူရှင်)

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉)ဆင်း မိသားစုများကနေပြီးတော့ ကျောက်စာရုံ စေတီငါးဆူနဲ့ သုဓမ္မာဇရပ်တစ်ဆောင်၊   ပိဋကတ်သုံးပုံ  ၁၉ ဆောင်တို့ကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အလှူငွေသိန်းငါးထောင်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့ဘဝမှာ တစ်ခါသာကြုံခဲလှတဲ့ ထူးမြတ်တဲ့ မာရဝိဇယ ဘုရားကြီးမှာ      လှူဒါန်းရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ ကမ္ဘာရဲ့ အကြီးဆုံးဖြစ်တဲ့ မာရဝိဇယဘုရားကြီးကို   ဖူးမြော်ခွင့်၊  လှူဒါန်းခွင့်၊ တည်ဆောက် ခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါ တယ်။ နောင်လည်း ဒီထက်မက မာရဝိဇယဘုရားကြီးကို လှူဒါန်းနိုင်အောင် ကုသိုလ်ကောင်းမှုတွေပြုနိုင်ရန်အတွက် ကြိုးစားလုပ်ဆောင်သွားကြမှာ    ဖြစ်ပါတယ်။

ကမ္ဘာသူ၊ ကမ္ဘာသား ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ပြည်သူ၊ ပြည်သားများအားလုံးလည်း  ကျန်းမာ၊ ချမ်းသာ၊ ဝမ်းသာနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မန္တလေးသိန်းဇော် (အနုပညာရှင်)

သာသနာအဓွန့်တည်တံ့ခိုင်မြဲဖို့ တိုင်းပြည်နဲ့နိုင်ငံ အေးချမ်းပြီးတော့ တစ်နိုင်ငံလုံး စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေဆိုပြီး ဖွံ့ဖြိုးတိုးတက်အောင် နှလုံးသွင်းပြီး ဒီပွဲကိုဆောင်ရွက်ပါတယ်။ ဒီပွဲမှာ ဆိုသူ၊ ကြားသူဝမ်းမြောက်ပြီးတော့    အားလုံးကုသိုလ်အထူးရ၍ မန္တလေးသိန်းဇော်ရဲ့ ဆောင်ပုဒ်လေးနဲ့အညီ   သာသနာ့အခမ်းအနားကြီးမှာ ကာယကံ၊ ဝစီကံ၊ မနောကံမြောက်ပူဇော်ပါ့မယ်။ ထေရ၊ ထေရ မြတ်သံဃာတွေ၊  နတ်ဒေဝါတွေ၊ တိုင်းပြည်ရဲ့အကြီးအကဲတွေ၊   မင်းရာဇာတွေစုံစုံညီညီ   နေ့ထူးနေ့မြတ်မှာ ဗုဒ္ဓဘာသာမင်္ဂလာအပေါင်းနဲ့ ပြည့်စုံအောင်   ပူဇော်ခွင့်ရတဲ့အတွက်  အထူးပဲဝမ်းသာပါတယ်။

မေသက်ထွန်း(အလှူရှင်)

နေပြည်တော်ကပဲလာရောက်ဖူးမြော်ပြီး မာရဝိဇယဘုရားကြီးကို တစ်ထောင့် တစ်နေရာမှ ကုသိုလ်ပြုလှူဒါန်းတာဖြစ်ပါတယ်။ အလှူရှင်အနေနဲ့ ကုသိုလ်တော်ပွဲ ကြီးကိုလာရောက် ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဘုရားကြီးစပြီးတည်ထားတဲ့ အခမ်းအနားတွေမှာလည်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ပထမဆုံး ကမ္ဘာ့စကျင်ကျောက် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆိုကတည်းက နိုင်ငံတော်အဆင့် ခမ်းနားသပ္ပာယ် တင့်တယ်လှပါတယ်။   မြန်မာနိုင်ငံက  ဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံတော် အစိုးရက  ဘာသာရေးမှာ  တကယ်ကိုအထွတ်အမြတ်အဖြစ်ပြုလုပ်တာကိုလည်း တွေ့မြင်ရပါတယ်။ ဘုရားအနေ ကဇာတင်နဲ့   ထီးတော်တင်တဲ့ဘုရားစေတီများကို ပွဲအခမ်းအနားအကြီးကြီး ပြုလုပ်ပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ အထင်ကရဖြစ်လာမယ့် နေရာတစ်ခုဖြစ်တဲ့အတွက် ကျွန်မလိုပဲ လာရောက် ဖူးမြော်ကုသိုလ်ယူကြဖို့  တိုက်တွန်းချင်ပါတယ်။   ကျောက်စာရုံကျောက်စာများကို နေပြည်တော်မှာဖူးရတဲ့ အတွက်လည်း ကောင်းပါတယ်။ မြန်မာနိုင်ငံသာမကပဲ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်တဲ့အတွက် တစ်နေရာတည်းမှာ  အံ့သြခမ်းနားမှုများနဲ့ ပြည့်စုံတဲ့အတွက် ဘုရားဖူးပြည်သူများအနေနဲ့ လာရောက်ဖူးမြော်ကုသိုလ်ယူကြဖို့ ပြောချင်ပါတယ်။

အခုလို  ကုသိုလ်တော်ပွဲကြီးမှာပါဝင်ခွင့်ရတဲ့အတွက်   ဝမ်းသာပီတိဂုဏ်ယူမိပါတယ်။

မယွန်းနေခြည်ဇော်

(ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းသူ)

အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်က မန္တလေးက တတိယနှစ်ကျောင်းသူဖြစ်ပါတယ်။ သမီးတို့ ဒီကိုလာတဲ့အခါမှာ ကျောင်းသား၊ ကျောင်းသူပေါင်း ၅၄ ယောက် နဲ့ ကြီးကြပ်သူဆရာ၊ ဆရာမ ၇ ယောက် အားလုံးပေါင်း ၆၁ ယောက်လာတာပါ။ သမီးကတော့ ရာဇာဝင်းနေရာမှ အိမ်ရှေ့စံမိဖုရားအနေဖြင့် ပါဝင်အားဖြည့်ရတာပါ။ မာရဝိဇယဘုရားကြီးအနေကဇာတင်ခြင်းနှင့် ကျောက်စာရုံစေတီတော်များ ထီးတော်

တင်ပွဲမှာ ပါဝင်ဖူးမြော်ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ အခုလိုမျိုး နိုင်ငံတော်အဆင့်ပွဲကြီးမှာ ပါဝင်ခွင့်ရပြီး အားဖြည့်ပေးရတဲ့အတွက် အရမ်းကိုဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မာရဝိဇယဘုရားကြီးက အရမ်းကို သပ္ပာယ်ပြီး ကြည်ညိုဖွယ်ကောင်းလှပြီး ကျက်သရေရှိပါတယ်။

တခြားသူများကိုလည်း မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။

လဲ့ရည်လှိုင်