ဂျပန်နိုင်ငံက စစ်ဝါဒီနိုင်ငံအဖြစ် ဒုံရင်းပြန်ဆိုက်နေသည်ဟု မြောက်ကိုရီးယား သတိပေးပြောဆို

ဂျပန်နိုင်ငံက စစ်ဝါဒီနိုင်ငံအဖြစ် ဒုံရင်းပြန်ဆိုက်နေသည်ဟု မြောက်ကိုရီးယား သတိပေးပြောဆို

    ဂျပန်နိုင်ငံသည် စစ်အာဏာကို အသုံးပြုသည့် စစ်ဝါဒီနိုင်ငံအဖြစ်သို့ ဒုံရင်းပြန်ဆိုက်နေပြီဖြစ်ကြောင်း မြောက်ကိုရီးယား မီဒီယာက သတိပေးပြောဆိုလိုက်သည်။

ဂျပန်အစိုးရက နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ ခြိမ်းခြောက်မှုခံနေရသည် ဟူသော ပြောဆိုချက်သည် ဂျပန်နိုင်ငံကို စစ်ဝါဒီနိုင်ငံအဖြစ်သို့ပြောင်းလဲရေး   ထိုနိုင်ငံအစိုးရကလုပ်ဆောင်နေသည့်   အမှန်တရားကို ဖုံးကွယ်ရန်    ဗန်းပြခြင်းသာဖြစ်ကြောင်း မြောက်ကိုရီးယား မီဒီယာများက ဖော်ပြထားသည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါနှင့် ၎င်း၏ အစိုးရအဖွဲ့က ဇူလိုင် ၂၈ ရက်တွင် အတည်ပြုထုတ်ပြန်လိုက်သော ၂၀၂၃ ခုနှစ် ကာကွယ်ရေး အစီရင်ခံစာ၌ အကျပ်အတည်းကာလ အသစ်တစ်ခု ပေါ်ထွန်းလာတော့မည်ဟု သတိပေးထားသည်။

ထို့ပြင် မြောက်ကိုရီးယား၊ တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ဒုတိယကမ္ဘာစစ်ပြီးနောက် အရှုပ်ထွေးဆုံးနှင့် အဆိုးဝါးဆုံးသော လုံခြုံရေးဆိုင်ရာ အခြေအနေကို ဖန်တီးနေသည်ဟု ဂျပန်အစိုးရ၏ စာမျက်နှာ ၅၁၀ ပါ အစီရင်ခံစာ၌ စွပ်စွဲထားသည်။

ယင်းထက်ပိုဆိုးသည်က မြောက်ကိုရီးယား နိုင်ငံသည် ဂျပန်နိုင်ငံ၏ လုံခြုံရေးအတွက် ယခင်ကထက်ပိုမို ဆိုးဝါးပြီး အရေးပေါ်ဖြစ်သည့် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာကြောင်း အစီရင်ခံစာ၌ ဖော်ပြထားခြင်းဖြစ်သည်။

ထို့ကြောင့် ဂျပန်နိုင်ငံ၏ ခြောက်လှန့်ရေး ဝါဒသည် အိမ်နီးချင်းနိုင်ငံများက ၎င်းကို ခြိမ်းခြောက်နေသည်ဟူသော ယိုးမယ်ဖွဲ့မှုအောက်တွင် အာရှ-ပစိဖိတ်ဒေသ၌ ၎င်းင်း၏စစ်အင်အား တိုးချဲ့တည်ဆောက်မှုကို ဖုံးကွယ်ရန်   ကြိုးပမ်းမှုတစ်ခုထက် မပိုကြောင်း မြောက်ကိုရီးယားမီဒီယာက  အခိုင်အမာပြောထားသည်။

အလားတူ ယူကရိန်းဘက်က ဟန့်တားနိုင်စွမ်း နည်းပါးခြင်းကြောင့် ရုရှားက အထူးစစ်ဆင်ရေး ဆင်နွှဲခွင့်ရသည်ဟူသော ဂျပန်အစိုးရ၏ ပြောဆိုချက်ကို မြောက်ကိုရီးယား မီဒီယာက ပြင်းထန်စွာဝေဖန်ကာ ဂျပန်နိုင်ငံ အနေဖြင့်   အာရှ-ပစိဖိတ်ဒေသအတွင်း ခဏတာမျှတင်းမာမှု မြင့်တက်စေရေးအတွက် အမေရိကန်၏ လက်တွင်းသို့  သက်ဆင်းသွားခြင်း ဖြစ်သည်ဟု ပြောထားသည်။

ဂျပန်နိုင်ငံအနေဖြင့် အတိတ်သမိုင်းမှ သင်ခန်းစာများကို ရယူသင့်ကြောင်း၊ စစ်အင်အား ထူထောင်ခြင်းနှင့်  အင်အားပြခြင်း လုပ်ဆောင်နေမည့်အစား အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို ထူထောင်ခြင်းသည် ဒေသတွင်း လုံခြုံမှုရှိစေရေးအတွက် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်ကို နားလည်သင့်ကြောင်း  မြောက်ကိုရီးယား မီဒီယာက မှတ်ချက်ပြုပြောထားသည်ဟု သိရသည်။