ပေကျင်းမြို့၌ ရွာသွားသည့်မိုးက နှစ်ပေါင်း ၁၄၀ အတွင်း အသည်းထန်ဆုံးဖြစ်

ပေကျင်းမြို့၌ ရွာသွားသည့်မိုးက နှစ်ပေါင်း ၁၄၀ အတွင်း အသည်းထန်ဆုံးဖြစ်

    ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း ပေကျင်းမြို့၌ ရွာသွန်းသွားသော မိုးသည် နှစ်ပေါင်း ၁၄၀ အတွင်း အသည်းထန်ဆုံးဖြစ်ကြောင်း ပေကျင်း မိုးလေဝသဌာနက သြဂုတ် ၂ ရက်တွင်ထုတ်ပြန်ထားသည်။

ထိုကဲ့သို့   မိုးသည်းထန်စွာ ရွာသွန်းမှုအတွင်း အမြင့်ဆုံးမိုးရေချိန်သည် ၇၄၄ ဒသမ ၈ မီလီမီတာရှိကြောင်းနှင့် ယခင် အမြင့်ဆုံး မိုးရေချိန်မှာ ၁၈၉၁ ခုနှစ်တွင် တိုင်းတာရရှိခဲ့သည့်  ၆၀၉  မီလီမီတာ ဖြစ်ကြောင်း   ပေကျင်းမိုးလေဝသ ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၁၁ ဦးသေဆုံးပြီး တစ်ဒါဇင်ကျော်ပျောက်ဆုံးနေကြောင်း   CCTV  သတင်းဌာနက ထုတ်ပြန်ထားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ရေလွှမ်းမိုးမှုများလည်း ဖြစ်ပွားရာ ယခုအခါ ပေကျင်းမြို့အနီးရှိ   ဟီပေးပြည်နယ်တွင် ရေလွှမ်းမိုးနေပြီဖြစ်သည်။

နိုင်ငံမြောက်ပိုင်းအတွင်း  ယခုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူဦးရေ သန်း ၁၃၀ ကျော် ရေဘေးသင့်ကြောင်း နိုင်ငံပိုင်သတင်းဌာနကဖော်ပြထားသည်။

ထို့ပြင် ပေကျင်းမြို့အစွန် နေရာများနှင့် အနီးဝန်းကျင်ရှိ နေရာများ ရေလွှမ်းမိုးခံရခြင်းကြောင့် လူဦးရေ ၉၇၄၄၀၀ ခန့်ကို ဘေးလွတ်ရာသို့ ကယ်ဆယ်နေရာ ချထားပေးရကြောင်း သတင်းဌာနက    ဆက်လက် ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံကို  တိုက်ခတ်ပြီးနောက် ဆက်လက်ရွေ့လျားလာသော  ဒေါ့ဆူရီ မုန်တိုင်းသည် ပြီးခဲ့သည့်သီတင်းပတ်တွင် တရုတ်နိုင်ငံတောင်ပိုင်းမှနေ၍   နိုင်ငံအနောက်ပိုင်းသို့ ဆက်လက် တိုက်ခတ်သွားကြောင်းနှင့် မုန်တိုင်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းဖြစ်ကြောင်း သိရသည်။