တရုတ်နိုင်ငံ၌ ကလေးငယ်များ တစ်ရက်လျှင် ၂ နာရီထက်ပို၍ ဖုန်းမသုံးရန် တားမြစ်မည်

တရုတ်နိုင်ငံ၌ ကလေးငယ်များ တစ်ရက်လျှင် ၂ နာရီထက်ပို၍ ဖုန်းမသုံးရန် တားမြစ်မည်

    တရုတ်နိုင်ငံ၌ ကလေးငယ်များအနေဖြင့်  တစ်ရက်လျှင် ၂ နာရီထက်ပို၍ စမတ်ဖုန်း များအသုံးမပြုရန် တားမြစ်သွားမည်ဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် စမတ်ဖုန်းကုမ္ပဏီများအနေဖြင့် ကလေးများအတွက် သီးခြားအစီအစဉ်ကို ထည့်သွင်းပေးရမည်ဖြစ်ပြီး ထိုအစီအစဉ်မှာ အသက် ၁၈ နှစ်အောက်ကလေးများ အနေဖြင့် ည ၁၀ နာရီမှ နံနက် ၆ နာရီအတွင်း စမတ်ဖုန်းများမှတစ်ဆင့် အင်တာနက် အသုံးပြုမှုကို တားမြစ်ခြင်းဖြစ်သည်။

ထို့ပြင် စမတ်ဖုန်း ကုမ္ပဏီများသည် ယခုလျာထားသည့်  ပြုပြင်ပြောင်းလဲမှု အရ ကလေးများအတွက်  စမတ်ဖုန်းအသုံးပြုချိန်ကိုလည်း ကန့်သတ်သွားရမည်ဖြစ်ကြောင်း ထိုအစီအစဉ်ကို တင်သွင်းသည့်   တရုတ်ဆိုက်ဘာနယ်ပယ် အုပ်ချုပ်မှုဌာနက သြဂုတ် ၂ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါပြုပြင်ပြောင်းလဲမှုအရ အသက် ၁၆ နှစ်မှ ၁၈ နှစ်ကြားရှိ ကလေးများသည် တစ်ရက်လျှင် စမတ်ဖုန်း အသုံးပြုချိန် ၂ နာရီ ရရှိမည်ဖြစ်သော်လည်း အသက် ၈ နှစ်မှ ၁၆ နှစ်ကြားရှိ ကလေးများအနေဖြင့် အချိန် ၁ နာရီရရှိမည်ဖြစ်ကာ အသက် ၈ နှစ်အောက် ကလေးများမှာမူ အချိန် ၈ မိနစ်သာ ရရှိမည်ဖြစ်သည်။

သို့သော် မိဘများအနေဖြင့် ကလေးများ၏ စမတ်ဖုန်းအသုံးပြုချိန်ကို သီးခြား သတ်မှတ်ပေးနိုင်ရေး အတွက်လည်း စမတ်ဖုန်း ကုမ္ပဏီများက စီစဉ်ထည့်သွင်း ပေးရမည်ဟု အဆိုပါဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလျာထားသည့် အဆိုပြုချက်နှင့် ပတ်သက်၍ ပြည်သူလူထု၏ အမြင်ကို စက်တင်ဘာ ၂ ရက်အထိ တောင်းခံသွားမည်ဖြစ်သည်။

တရုတ်နိုင်ငံရှိ  လူငယ်များအနေဖြင့် အဝေးမှုန်ရောဂါများ ဖြစ်ပွားမှု ပိုမိုများပြား လာကာ အင်တာနက် စွဲလမ်းမှုသည်လည်း ပိုမိုဆိုးဝါးလာခြင်းကြောင့် တာဝန်ရှိသူများက ယခုကဲ့သို့စီစဉ်လာခြင်း ဖြစ်နိုင်ကြောင်း သိရသည်။