တရုတ်ဆရာဝန်များက 5G စက်ရုပ်ကိုအသုံးပြုပြီး မိုင် ၃၅၀ အကွာမှနေ၍ မျက်စိခွဲစိတ်မှု လုပ်ဆောင်နိုင်

တရုတ်ဆရာဝန်များက 5G  စက်ရုပ်ကိုအသုံးပြုပြီး မိုင် ၃၅၀ အကွာမှနေ၍ မျက်စိခွဲစိတ်မှု လုပ်ဆောင်နိုင်

    ယနေ့ကမ္ဘာ့နိုင်ငံကြီးတချို့ဟာ   5G  ဆက်သွယ်မှု ကွန်ရက်ကို အသုံးပြုပြီး လူသားအကျိုးပြု လုပ်ငန်းများမှာ အသုံးချလာနေတာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာ 6G ဆက်သွယ်မှု ကွန်ရက်ကိုစမ်းသပ်နေတဲ့  တရုတ်နိုင်ငံမှ ဆရာဝန်များက 5G ဆက်သွယ်မှု ကွန်ရက်နည်းပညာသုံး စက်ရုပ်ကို   အသုံးပြုပြီး အဝေးတစ်နေရာမှနေ၍   မျက်စိခွဲစိတ်မှုတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

တစ်နေရာကနေ တစ်နေရာကိုလှမ်းဆက်သွယ်ပြီး အချိန်နဲ့တစ်ပြေးညီ တိကျမှု လိုအပ်တဲ့ ခွဲစိတ်မှုကို လုပ်ဆောင်နိုင်ဖို့ဆိုတာ ဆက်သွယ်ရေး ကွန်ရက်ရဲ့  အမြန်နှုန်းက အင်မတန်မြင့်မားနေဖို့ လိုအပ်ပါတယ်။

5G ဆက်သွယ်ရေး နည်းပညာဆိုတာ အသုံးပြုသူများကို အမြန်နှုန်း တစ်စက္ကန့်ကို ၁၀၀၀ မဂ္ဂါဘိုက်အထိ  ပေးစွမ်းနိုင်ပြီး အမြင့်ဆုံးပမာဏကတော့ တစ်စက္ကန့်ကို ၂၅၀၀ မဂ္ဂါဘိုက်ဖြစ်တာကြောင့် နည်းပညာလောကကို  တစ်ခတ်ဆန်းသစ်စေမယ့် ဆက်သွယ်ရေးနည်းပညာ တစ်ခုပင်ဖြစ်ပါတယ်။

မျက်စိခွဲစိတ်မှုဆိုတာ တစ်ချက်ကလေးမှ အတိမ်းအစောင်းမခံနိုင်တဲ့ ခွဲစိတ်မှုလုပ်ငန်းစဉ်ဖြစ်ပြီး အခုလုပ်ဆောင်တဲ့ အဝေးရောက် ခွဲစိတ်မှုဆိုရင်လည်း မိုင်ပေါင်း ၃၅၀ ကျော် ဝေးကွာနေတာကိုကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံဟာ နည်းပညာပိုင်းမှာ ဘယ်လောက်အထိ တိုးတက်လာပြီလဲဆိုတာကို တွေ့နိုင်မှာပါ။

အခုခွဲစိတ်မှုမှာတော့ ဆရာဝန်များက ယုန်များကိုခွဲစိတ်မှု လုပ်ခဲ့တာပါ။ အဲဒီယုန်တွေက ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့ရှိ ဆွန်ယက်ဆန်တက္ကသိုလ်မှာ ရှိနေတာဖြစ်ပါတယ်။

အဝေးရောက်ခွဲစိတ်မှုလုပ်တဲ့ ဆရာဝန်အဖွဲ့ကတော့ ဟိုင်နန်ပြည်နယ် ဟိုင်ကူးမြို့ရဲ့ ဟိုင်နန်မျက်စိဆေးရုံမှာ ရှိနေတာဖြစ်ပြီး 5G စက်ရုပ်အသုံးပြုပြီး ခွဲစိတ်မှု လုပ်ခဲ့တာပါ။

အဲဒီ 5G စက်ရုပ်ကို ဟိုင်နန်မျက်စိဆေးရုံမှ ဆရာဝန်များနဲ့ သိပ္ပံပညာရှင်များ ပူးပေါင်းပြီး ဆေးရုံအတွင်းမှာပင် ဖန်တီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ခွဲစိတ်မှုကိုတော့ ဇွန်လ ၂၃ ရက်မှာ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ခွဲစိတ်မှုအပြီး တစ်လကျော်အကြာမှာတော့ ခွဲစိတ်မှု လုပ်ခဲ့ရတဲ့ ယုန် ၁၂ ကောင်စလုံးဟာ ကျန်းမာရေးကောင်းမွန်နေတယ်လို့ China Daily သတင်းစာက ဖော်ပြထားပါတယ်။

အဲဒီဆရာဝန်များဟာ ယခင်ကလည်း အလားတူခွဲစိတ်မှုမျိုးကို ကြွက်များ၊ ဝက်များနဲ့ တခြားတိရစ္ဆာန်များမှာပါ စမ်းသပ်လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

အထက်မှာပြောခဲ့သလိုမျိုးပဲ မျက်စိခွဲစိတ်မှုဆိုတာ အလွန်ကို လှည့်ကွက်များပြီး ရှုပ်ထွေးလှတဲ့ ခွဲစိတ်မှုဖြစ်တဲ့အတွက် တိကျမှုရှိဖို့ကတော့ အင်မတန် လိုအပ်လှပါတယ်။

တကယ်လို့များ မျက်စိခွဲစိတ်ဆရာဝန် တစ်ယောက်က လက်တုန်ပြီး တစ်မီလီစင်တီမီတာမျှသာ နေရာလွဲသွားမယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်ကတော့ လူနာကို မျက်စိကွယ်သွားစေတဲ့ အထိဖြစ်နိုင်ပါတယ်။

ဒါကြောင့် အထူးဖန်တီးထားတဲ့ မိုက်ခရိုစကုပ်များ၊ အမြင်အာရုံစနစ်များက မျက်စိခွဲစိတ်မှု လုပ်ငန်းစဉ်မှာ မဖြစ်မနေ လိုအပ်လာတာပါ။ ဒီလိုအပ်ချက်ကို ခွဲစိတ်စက်ရုပ်မှာ တပ်ဆင်ဖို့ဆိုတာကျတော့ စိန်ခေါ်မှုအဖြစ် ရှိနေပါသေးတယ်။

ဒါပေမဲ့   စက်ရုပ်နဲ့ မျက်စိခွဲစိတ်မှုကို လူသားတွေမှာ လုပ်ဆောင်တာဟာ ဒီနှစ်အကုန် ဒါမှမဟုတ် နောက်နှစ်အစောပိုင်း မှာဖြစ်လာနိုင်တယ်လို့ တရုတ်ဆရာဝန်များက ယုံကြည်ထားပါတယ်။အခုလက်ရှိဖန်တီးထားတဲ့ 5G စက်ရုပ်များက တည်ငြိမ်ပြီး တိကျမှုရှိခြင်းကြောင့် ယုန်များကိုမျက်စိခွဲစိတ် ကုသမှုက အောင်မြင်ခဲ့တာဖြစ်တယ်လို့ ဆွန်ယက်ဆန်တက္ကသိုလ်မှ ပါမောက္ခဟွမ်ကိုင်းက ပြောပါတယ်။

ဒီလိုမျိုး အဝေးရောက်ခွဲစိတ် ကုသမှုတွေ လုပ်ဆောင်လာနိုင်ခြင်းဟာ ဝေးလံခေါင်ဖျား ဒေသများမှာရှိတဲ့လူနာများ၊ အရေးပေါ်ခွဲစိတ်မှုများ၊ မြေမျက်နှာပြင်အရ သွားလာရခက်ခဲတဲ့ဒေသများမှာ ခွဲစိတ်မှုများကို လုပ်ဆောင်နိုင်ဖို့ အတွက် အလွန်အသုံးဝင်တဲ့ နည်းလမ်းတစ်ခုဖြစ်လာနေပါပြီ။

တရုတ်နိုင်ငံအနေနဲ့    အခုလိုမျိုးလုပ်ဆောင်လာနိုင်ခြင်းက နိုင်ငံရဲ့ကျန်းမာရေး ပစ္စည်းတွေကို ကမ္ဘာ့အဆင့်အတန်းမီ အနေအထားအထိ  ရောက်ရှိစေနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူများက ယုံကြည်ထားပါတယ်။