ဓာတုကုထုံးအသစ်က ကင်ဆာအကျိတ် အစိုင်အခဲများ အားလုံးကို အပြီးတိုင် ဖျက်ဆီးပစ်နိုင်

ဓာတုကုထုံးအသစ်က ကင်ဆာအကျိတ် အစိုင်အခဲများ အားလုံးကို အပြီးတိုင် ဖျက်ဆီးပစ်နိုင်

    တစ်ချိန်က ကင်ဆာရောဂါဆိုတာနဲ့ လူတိုင်းကြောက်ရွံ့ထိတ်လန့်ကြလေ့ ရှိပါတယ်။ အကြောင်းရင်းကတော့ ကင်ဆာဖြစ်ပြီဆိုတာနဲ့ အချိန်တိုအတွင်း အသက်ဆုံးရှုံးရနိုင်ခြေ များလွန်းတာကြောင့်ပါ။

အခုတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ ဆေးဝါးတွေခေတ်မီလာတာနဲ့အမျှ ကင်ဆာရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းနိုင်လာပါတယ်။ တချို့ဖြစ်ခါစ  ကင်ဆာရောဂါတွေကိုဆိုရင် အမြစ်ပြတ်အောင် ကုသပေးနိုင်လာပါတယ်။

ကင်ဆာအကျိတ်ကကြီးလာမှ ရောဂါဖြစ်တာကို သိတယ်ဆိုရင်တော့လည်း အကျိတ်ဆက်ပြီး မကြီးလာအောင် ဆေးနဲ့ထိန်းပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။

ဒါပေမဲ့ မျှော်လင့်ခြင်းမြို့တော်လို့ အမည်ရတဲ့ ကင်ဆာသုတေသနဌာနရဲ့ လေ့လာတွေ့ရှိချက် အသစ်အရဆိုရင် အပေါ်ကပြောတဲ့   မတတ်နိုင်ခဲ့ဘူးဆိုတဲ့ အရာကို တတ်နိုင်သွားအောင် လုပ်နိုင်ပြီဆိုတာကို တွေ့လာရပါပြီ။

မျှော်လင့်ခြင်းမြို့တော်ဆိုတာ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ အကြီးဆုံးသော ကင်ဆာသုတေသနနဲ့ ကုသရေးဌာန တစ်ခုဖြစ်ပါတယ်။

အခုသူတို့ရဲ့လေ့လာ စမ်းသပ်တွေ့ရှိချက်ကို သြဂုတ် ၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာတော့ သူတို့ရဲ့ ကနဦးလေ့လာစမ်းသပ်ချက်အရ ဓာတုကုထုံးအသစ် တစ်မျိုးဟာ ကင်ဆာအကျိတ်အစိုင်အခဲများ အားလုံးကို အပြီးတိုင်ဖျက်ဆီး လိုက်နိုင်ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီကုထုံးထဲမှာ   ပရိုတိန်းတစ်ခုကို ပစ်မှတ်ထားအသုံးပြုမှု ပါဝင်ပါတယ်။ အဲဒီပရိုတိန်းဆိုတာကို Proliferating cell nuclear antigen (PCNA)လို့ ဆေးပညာ ဝေါဟာရအရခေါ်ပြီး သူက ဓာတုကုထုံးအတွက် အလွန်စိန်ခေါ်မှုများတဲ့ အရာဖြစ်တယ်လို့ ယူဆခဲ့ကြတာပါ။

လက်ရှိလေ့လာစမ်းသပ်မှုကို တိရစ္ဆာန်များမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မကြာမီအချိန်အတွင်းမှာ လူသားနဲ့ စမ်းသပ်နိုင်တော့မယ်လို့လည်း   သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူတို့ရဲ့ဓာတုကုထုံးဆေးဝါး အသစ်ကို  AOH1996 လို့နာမည်ပေးထားပြီး အဲဒီဆေးက DNA ကိုပုံတူပွားရာမှာ အဓိက အရေးကြီးတဲ့ PCNA ပရိုတိန်းကို ပစ်မှတ်ထားတာဖြစ်ပြီး ထွက်ပေါ်နေတဲ့အကျိတ်တွေ အားလုံးကို ပြန်လည်ပြင်ဆင်ပေးတာ ဖြစ်ပါတယ်။

“PCNAဆိုတာ လေကြောင်းလိုင်းပေါင်းစုံ ဆိုက်ကပ်ရပ်နားနိုင်တဲ့ လေဆိပ်ကြီးနဲ့ တူပါတယ်။ ကင်ဆာကလာပ်စည်းများ အတွင်းမှာဆိုရင် PCNA က ထူးထူးခြားခြား ပြောင်းလဲသွားတယ်လို့ အချက်အလက်များအရ ယူဆရပါတယ်။ ဒီလိုယူဆချက်အပေါ် အခြေခံပြီး ကျွန်တော်တို့က ကင်ဆာကလာပ်စည်း အတွင်းရှိ PCNA ရဲ့ပုံစံအပေါ်ကိုသာ  အဓိကပစ်မှတ်ထားတဲ့ ဆေးတစ်မျိုးကို ဖန်တီးနိုင်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ဆေးက လေဆိပ်ကြီးတစ်ခုလုံးကို ပိတ်သွားစေတဲ့ နှင်းမုန်တိုင်းနဲ့ အလားသဏ္ဌာန် တူပါတယ်။

ကင်ဆာကလာပ်စည်းတွေကို သယ်ဆောင်ထားတဲ့ လေယာဉ်တွေကို ဝင်ခွင့်၊ ထွက်ခွင့်မပေးတော့သလိုမျိုးပေါ့”လို့ မျှော်လင့်ခြင်း မြို့တော်မှ  ပါမောက္ခ လင်ဒါမောကာ့ကရှင်းပြထားပါတယ်။

လက်ရှိစမ်းသပ်မှုတွေအရ သူတို့ရဲ့ဆေးက အာမခံချက်ရှိကြောင်း၊ သူ့တစ်မျိုးတည်းဖြစ်စေ၊ တခြားကုသမှုတွေနဲ့ဖြစ်စေ ပေါင်းစပ်ပြီး  ကုသမှုပေးမယ် ဆိုရင်လည်း ဘယ်လိုအဆိပ်အတောက်မှ မဖြစ်စေဘဲ ကင်ဆာအကျိတ်များကို ဖယ်ရှားရှင်းလင်းနိုင်ကြောင်း    မျှော်လင့်ခြင်း မြို့တော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

AOH1996 ဟာ ကင်ဆာရောဂါကုသရေးမှာ အသုံးပြုတဲ့ ပေါင်းစပ်ကုထုံးအတွက်သာမက ဓာတုကုထုံးအသစ်များ ထွက်ပေါ်လာစေရေး အတွက်လည်း အသုံးဝင်တဲ့ အရာတစ်ခု  ဖြစ်လာနိုင်တယ်လို့ သုတေသီများက အခိုင်အမာ ပြောထားပါတယ်။

အခုဆိုရင် သုတေသနပညာရှင်များဟာ လူသားတွေမှာ   လက်တွေ့စမ်းသပ်မှုတွေလုပ်ဆောင်နိုင်ဖို့အတွက် PCNA ပရိုတိန်းရဲ့ လုပ်ငန်းဆောင်ရွက်ပုံကို အခုထက်ပိုပြီးနားလည်အောင် လေ့လာမှုတွေ လုပ်ဆောင်လျက် ရှိပါတယ်။