ဥရောပဒေသ၌ NATO တပ်ဖွဲ့၏နယ်ချဲ့မှုက ယူကရိန်းပဋိပက္ခ၏ အကြောင်းရင်းဖြစ်ဟု တရုတ်ပြော

ဥရောပဒေသ၌ NATO  တပ်ဖွဲ့၏နယ်ချဲ့မှုက ယူကရိန်းပဋိပက္ခ၏ အကြောင်းရင်းဖြစ်ဟု တရုတ်ပြော

    ဥရောပဒေသအတွင်း NATO တပ်ဖွဲ့၏ နယ်မြေချဲ့ထွင်ခြင်းက ဥရောပတိုက်၏ လုံခြုံရေးကိုပျက်စီးစေပြီး  ယူကရိန်း ပဋိပက္ခဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းဖြစ်ကြောင်း တရုတ်သံတမန်တစ်ဦးက သြဂုတ် ၃ ရက်တွင် ပြောသည်။

အမေရိကန်ဦးဆောင်သော NATO စစ်အုပ်စုက ကမ္ဘာကြီး၏ မည်သည့်နေရာတွင်မဆို မီးလောင်ရာလေပင့်လုပ်ဆောင် နေကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးနေကြောင်း၊ ခွဲထွက်ရေးမူဝါဒကို ကျင့်သုံးစေကြောင်း၊ ကိုဆိုဗို၊ လစ်ဗျားနှင့် အာဖဂန်နစ္စတန်တို့၌ ဖြစ်ပွားသည့်ဖြစ်စဉ်များသည် ခိုင်မာသော ဥပမာများဖြစ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းဟန်ဟွေက ပြောသည်။

“NATO တပ်ဖွဲ့အနေနဲ့ ဥရောပဒေသအတွင်း အရှေ့ဘက်သို့ နယ်မြေချဲ့ထွင်မှုငါးခုက စစ်အေးခေတ်နောက်ပိုင်း အစီအစဉ်တကျ တည်ရှိမှုနဲ့ ဥရောပရဲ့လုံခြုံရေးကို ဆိုးဝါးစွာ ထိခိုက်စေပြီး ယူကရိန်းပဋိပက္ခ တင်းမာမှုမြင့်တက် လာရခြင်းရဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်” ဟု ကျန်းဟန်ဟွေက ပြောသည်။

ထို့ပြင် NATO တပ်ဖွဲ့သည် စစ်အေးခေတ်၏ အမွေအနှစ်ဖြစ်ကြောင်းနှင့် စစ်အေးကာလ ပြီးဆုံးပြီးနောက် ဖျက်သိမ်းလိုက်သင့်သည့် အဖွဲ့ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးက ဆက်ပြောသည်။

အလားတူ  NATO  တပ်ဖွဲ့သည် အမေရိကန်က ကိုင်စွဲထားသည့် ပထဝီနိုင်ငံရေးဆိုင်ရာ လက်နက်တစ်ခုဖြစ်လာကြောင်း၊ ဥရောပဒေသ အရှေ့ဘက်နှင့် အာရှ-ပစိဖိတ်ဒေသ အထိ နယ်မြေချဲ့ထွင်လာမှုသည် အမေရိကန်၏ ဗိုလ်ကျ စိုးမိုးရေးကို အထောက်အပံ့ဖြစ်စေရန်သာ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အတူ အမေရိကန်သည် တရုတ်နှင့် ရုရှားတို့ကိုဖိနှိပ်ပြီး  ဟန့်တားနိုင်စေရေးအတွက် အာရှ-ပစိဖိတ်ဒေသအတွင်း NATO တပ်ဖွဲ့ကို သြဇာအာဏာ ပိုရှိလာစေလိုကြောင်း သံအမတ်ကြီးက ပြောထားသည်ဟု သိရသည်။