ရုရှားနိုင်ငံက စီးပွားရေး ကျဆင်းမှုကို ကျော်လွှားနိုင်ခဲ့ပြီဟုဆို

ရုရှားနိုင်ငံက စီးပွားရေး ကျဆင်းမှုကို ကျော်လွှားနိုင်ခဲ့ပြီဟုဆို

    ရုရှားနိုင်ငံအနေဖြင့် အနောက်အုပ်စု၏ ပိတ်ဆို့မှုများကြောင့်ဖြစ်ပေါ်ခဲ့သော စီးပွားရေး ကျဆင်းမှုကို နောက်ဆုံးတွင် ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ရှေ့ဆက်၍ စီးပွားရေးအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က သြဂုတ် ၃ ရက်တွင်ပြောသည်။

ရုရှားနိုင်ငံအနေဖြင့် ပိတ်ဆို့မှုများ ချမှတ်ခံရပြီးနောက် စီးပွားရေးနှင့် လူမှုရေးတို့သည် ချောက်နက်ကြီးထဲသို့ပြုတ်ကျသွားမည် ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းမှုများ ရှိခဲ့သော်လည်း တကယ်တမ်းတွင် ထင်ထားသလို မဖြစ်လာခဲ့ကြောင်း လူငယ်ဖိုရမ်တစ်ခုတွင် ဒီမီထရီပက်စကော့က ပြောခြင်းဖြစ်သည်။

“မိမိတို့နိုင်ငံအနေနဲ့ အကျပ်အတည်းကနေ ရုန်းထွက်နိုင်ခဲ့ပါပြီ။ ယနေ့ခေတ်စံနှုန်းများအရ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် မိမိတို့ရဲ့မျှော်လင့်ချက်က ကောင်းစွာရှင်သန်နေပါတယ်။ဒါဟာ  တကယ့်ကို ထူးခြားတဲ့ အခြေအနေတစ်ခုပါ” ဟု ဒီမီထရီပက်စကော့က ဖိုရမ်သို့ တက်ရောက်လာသူများကို ပြောသည်။

ရုရှားနိုင်ငံက လွန်စွာကြီးမားလှသော ပိတ်ဆို့မှုများ၏ ဖိအားမှ  ကြံ့ကြံ့ခံ ရုန်းထွက်လာနိုင်ခြင်းအတွက် အဓိကကျသော အကြောင်းအရာများ အနက် အချို့မှာ ပြည်သူများ၏ မျိုးချစ်စိတ်ရှိခြင်းနှင့် ကိုယ်စီစိတ်ဓာတ် ခိုင်မာမှုတို့ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရုရှားအစိုးရက ယူကရိန်း အထူးစစ်ဆင်ရေးကို စတင်ဆင်နွှဲစဉ်မှာပင် အနောက်နိုင်ငံများက ရုရှားနိုင်ငံ၏ ဘဏ်လုပ်ငန်း ကဏ္ဍ၊ အစိုးရ၏ကြွေးမြီကဏ္ဍ၊ စွမ်းအင် ကဏ္ဍနှင့် အခြားသောကဏ္ဍများ အပေါ် ပစ်မှတ်ထားပြီး ပိတ်ဆို့မှုများ ချမှတ်ခဲ့ ခြင်းဖြစ်သည်။

ရုရှားနိုင်ငံ၏ ယခုနှစ်အတွက် အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးမှာ ၂ ရာခိုင်နှုန်းကျော်အထိတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း၊ထိုပမာဏသည် ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံ၏စီးပွားရေး ကျဆင်းမှုကို ကာမိစေကြောင်း၊ သို့သော် အနောက်အုပ်စု၏ ပိတ်ဆို့မှုများသည် ကာလတစ်ခုတိုင်သည်အထိ မကောင်းသော အကျိုးဆက်များကို ဆက်လက်ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောထားသည်ဟု သိရသည်။