ပီရူးတွင်တွေ့ရသော ဝေလငါး အရိုးစုက တစ်ခါမျှမမြင်ဖူးသည့် အကြီးဆုံးသော တိရစ္ဆာန်ဖြစ်နိုင်

ပီရူးတွင်တွေ့ရသော ဝေလငါး အရိုးစုက တစ်ခါမျှမမြင်ဖူးသည့် အကြီးဆုံးသော တိရစ္ဆာန်ဖြစ်နိုင်

    ပီရူးနိုင်ငံ၌တွေ့ရှိရသော ဝေလငါးအရိုးစုက တစ်သက်တွင် တစ်ခါမျှမမြင်ဖူးသည့် အကြီးဆုံးသော တိရစ္ဆာန်ဖြစ်နိုင် ကြောင်း သိပ္ပံပညာရှင်များက သြဂုတ် ၂ ရက်တွင် ထုတ်ပြန်ထားသည်။

ယနေ့လက်ရှိမြင်တွေ့နေရသော ဝေလငါးပြာများသည် တစ်ချိန်က ကမ္ဘာပေါ်တွင်ရှိခဲ့ဖူးသည့် ဒိုင်နိုဆောများထက်ပင် ကြီးမားသည့်အတွက် ကမ္ဘာ့အကြီးဆုံးသော တိရစ္ဆာန်များဖြစ်သည်ဟု သတ်မှတ်ခံထားရသည်။

သို့သော် ပီရူးနိုင်ငံမ ှတွေ့ရှိရသည့် နှစ်ပေါင်းသန်း ၄၀ နီးပါး သက်တမ်းရှိသော ဝေလငါးအရိုးစုသည် ယနေ့ကမ္ဘာ့အကြီးဆုံးသော တိရစ္ဆာန်များထက်ပင်ကြီးမားသည်ဟု သိပ္ပံပညာရှင်များက Nature ဂျာနယ်တွင် ဖော်ပြထားသည်။

သိပ္ပံပညာရှင်များသည် အဆိုပါဝေလငါး အရိုးစုကို  အပြည့်အစုံ တွေ့ရှိရခြင်း မဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းမျှသာတွေ့ရှိရ ခြင်းဖြစ်သော်လည်း ထိုတစ်စိတ်တစ်ပိုင်းမျှသာရှိသော အရိုးများမှာ  လွန်စွာကြီးမားလှသည်ကို တွေ့ရသည်။

ထို့ကြောင့် ပီရူးသဲကန္တာရမှတွေ့ရှိရသည့် အဆိုပါအရိုးများအပေါ် အခြေခံတွက်ချက်မှုများအရ ယင်းဝေလငါး၏ ခန္ဓာကိုယ် အလေးချိန်မှာ တန်ချိန် ၁၈၀ ဝန်းကျင်ရှိမည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။

ထိုခန့်မှန်းချက်အရဆိုပါက ယင်းဝေလငါးသည် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းတင် အဖွဲ့က တွေ့ရှိထားသည့် တန်ချိန် ၁၉၀ ရှိ ဝေလငါးပြာထက် တန်ချိန်အနည်းငယ် လျော့နေသော်လည်း ရှေးခေတ်ဝေလငါးများ၏ အလေးချိန်သည် ၈၅ တန်မှ တန်ချိန် ၃၄၀ ကြားရှိနိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားသောကြောင့် ယခုတွေ့ရှိရသောအရိုးစုပိုင်ရှင် ဝေလငါးမှာ လက်ရှိခန့်မှန်းထားသည်ထက် ပိုကြီးနိုင်သည်ဟု ဆိုထားကြောင်း သိရသည်။