နျူကလီးယားက လူသားများကို မဖျက်ဆီးမီ လူသားများက နျူကလီးယားကို ဖျက်ဆီးရန် ပညာရှင်များ တောင်းဆို

နျူကလီးယားက လူသားများကို မဖျက်ဆီးမီ လူသားများက  နျူကလီးယားကို ဖျက်ဆီးရန် ပညာရှင်များ တောင်းဆို

     နျူကလီးယားလက်နက်များက လူသားများကို မဖျက်ဆီးမီ လူသားများက နျူကလီးယားလက်နက်များကို ဖျက်ဆီးရန် ပညာရှင်များက   တညီတညွတ်တည်း တောင်းဆိုလိုက်ကြောင်း သိရသည်။

ဆေးပညာဂျာနယ်ပေါင်း ၁၀၀ ကျော်က သြဂုတ် ၃ ရက်တွင် တူညီသော တောင်းဆိုချက်ကို ထုတ်ပြန်ကာ ၎င်းတို့၏ ညီညွတ်မှုကို ပြသလိုက်ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် နျူကလီးယား ကပ်ဘေးကြီးဖြစ်နိုင်ခြေက လွန်စွာကြီးမားမြင့်တက်လာပြီး ဆေးပညာဂျာနယ်များက ယခုကဲ့သို့ တောင်းဆိုချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် နျူကလီးယားထိပ်ဖူး ၁၃၀၀၀ ကျော်ရှိသည့်အနက်    အကန့်အသတ်ရှိသော နျူကလီးယား စစ်ပွဲတစ်ခု၌ နျူကလီးယားထိပ်ဖူး ၂၅၀ ကိုသာ အသုံးပြုပါက လူဦးရေသန်း ၁၂၀ ကို   ချက်ချင်းသေဆုံးစေကာ ကမ္ဘာ့ရာသီဥတုကိုပါ ပျက်စီးစေမည်ဖြစ်ပြီး  အငတ်ဘေးဆိုက်မည်ဖြစ်ကြောင်းနှင့် ထိုအငတ်ဘေးသည် လူပေါင်း ၂ ဘီလီယံခန့်အပေါ် သက်ရောက်မှု ရှိစေမည်ဖြစ်ကြောင်း  “နျူကလီးယားစစ်ပွဲ အန္တရာယ်လျှော့ချရေး” အမည်ဖြင့် တင်ပြထားသော အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည်။

ထို့ပြင် အကယ်၍သာ အမေရိကန်နှင့် ရုရှားတို့ကြား အကန့်အသတ်မဲ့ နျူကလီးယား စစ်ပွဲဖြစ်ပွားပါက  စစချင်းမှာပင် လူဦးရေ သန်း ၂၀၀ သေဆုံးမည်ဖြစ်ကာ နောက်ပိုင်းတွင် နျူကလီးယား ဆောင်းရာသီကြောင့် လူဦးရေ ၅ ဘီလီယံမှ   ၆ ဘီလီယံအထိ သေဆုံးနိုင်ကြောင်းနှင့်   ယင်းမှတစ်ဆင့်  လူသားမျိုးနွယ်စုတစ်ခုလုံး ကွယ်ပျောက်သွားစေနိုင်မည်ဖြစ်ကြောင်း အယ်ဒီတာ့အာဘော်တွင် ဆက်လက်ဖော်ပြ ထားသည်။

အလားတူ နျူကလီးယား လက်နက်ပိုင်နိုင်ငံများ အနေဖြင့် မိမိဘက်က စတင်အသုံးမပြုရေး မူဝါဒကို    ချမှတ်ကျင့်သုံးရန်၊ နျူကလီးယား ထိပ်ဖူးများကို လက်နက်များတွင် အသင့်တပ်ဆင်ထားခြင်း မပြုရန်၊ လက်ရှိပဋိပက္ခများတွင် ပါဝင်နေသော နျူကလီးယား လက်နက်ပိုင်နိုင်ငံများက ၎င်းတို့အနေဖြင့် အဆိုပါပဋိပက္ခများတွင်   နျူကလီးယား လက်နက်များကို    အသုံးချမည် မဟုတ်ကြောင်း လူသိရှင်ကြားနှင့် ပြတ်ပြတ်သားသား ကတိပြုရန် အယ်ဒီတာ့အာဘော်က တိုက်တွန်းထားသည်။

ပြီးခဲ့သည့်နှစ်တွင် နျူကလီးယား လက်နက်များကို  အများဆုံး ပိုင်ဆိုင်သော နိုင်ငံများက  ထိုလက်နက်များနှင့် ပတ်သက်၍ သဘောတူညီချက်  မရရှိခဲ့သည့်အတွက် ကုလသမဂ္ဂ၏  နျူကလီးယား လက်နက်မပြန့်ပွားရေး အဖွဲ့က နျူကလီးယား လက်နက်ဖျက်သိမ်းရေး အခြေခံမူကို   စဉ်းစား သုံးသပ်နေကြောင်း သိရသည်။