ရုရှားက ဥရောပ၏ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်လာ

ရုရှားက ဥရောပ၏ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်လာ

    ရုရှားနိုင်ငံသည် ဥရောပ၏ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံနှင့် ကမ္ဘာပေါ်ရှိ စီးပွားရေးအင်အားကြီး ငါးနိုင်ငံအနက် တစ်နိုင်ငံဖြစ်လာကြောင်း သိရသည်။

အနောက်အုပ်စုက ရုရှားနိုင်ငံအပေါ်  ပိတ်ဆို့မှုများ ချမှတ်ထားသည့်ကြားမှ ၂၀၂၂ ခုနှစ် အကုန်ပိုင်းအထိ ၎င်းတို့၏ ဝယ်ယူမှု စွမ်းရည်အရ ယခုကဲ့သို့စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်လာခြင်းဖြစ်ကြောင်း ကမ္ဘာ့စီးပွားရေး အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံ၏ ဝယ်ယူမှုစွမ်းရည်သတ်မှတ်ချက်အရ ပြီးခဲ့သည့်နှစ်ကုန်အထိ စုစု ပေါင်း ထုတ်ကုန်ပမာဏမှာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၅၁ ထရီလီယံရှိကြောင်း ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့တို့၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ယခင်က ဥရောပတိုက်တွင် ဂျာမနီနိုင်ငံ က စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်သော်လည်း ယခုအခါ ယင်းနိုင်ငံ၏ ဝယ်ယူမှုစွမ်းရည် သတ်မှတ်ချက်အရ စုစုပေါင်းထုတ်ကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၅ ထရီလီယံသာ ရှိသောကြောင့် ရုရှားက ဂျာမနီကိုကျော် တက်ကာ ဥရောပ၏ စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်လာခြင်းဖြစ်သည်။

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများ စာရင်းတွင် တရုတ်နိုင်ငံက ထိပ်ဆုံးတွင် ရပ်တည်နေပြီး ၎င်း၏နောက်တွင် အမေရိကန်၊ အိန္ဒိယနှင့် ဂျပန်တို့ရှိသည်။ ထိပ်တန်း  ၁၀ နိုင်ငံစာရင်းတွင်မူ အင်ဒိုနီးရှား၊ ဘရာဇီး နှင့် တူကီယဲတို့ ပါဝင်သည်။

ယခုအခါ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က ရုရှားနိုင်ငံစီးပွား ရေး၏ စုစုပေါင်း ထုတ်ကုန်ပမာဏကို ယခင်ကထက် တိုးမြှင့်ခန့်မှန်းလာကြောင်း သိရသည်။